Home တွေ့ဆုံမေးမြန်းခန်း စစ်ကောင်စီ ဖိတ်ခေါ်ချက် “ယုံကြည်စရာ မရှိ”

စစ်ကောင်စီ ဖိတ်ခေါ်ချက် “ယုံကြည်စရာ မရှိ”

240

စစ်ကောင်စီ ဖိတ်ခေါ်ချက် “ယုံကြည်စရာ မရှိ”

ကေအိုင်စီ (စက်တင်ဘာ ၂၇၊ ၂၀၂၄ ခုနှစ်)

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ (EAOs)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ကမ်းလှမ်း ဖိတ်ခေါ်ကြောင်း စက်တင်ဘာ ၂၆ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ကမ်းလှမ်းစာထုတ် ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ ဖိတ်ခေါ်စာ၌ လက်နက်ကိုင် အကြမ်းဖက်မှုကြောင့် နိုင်ငံအတွင်း ထိခိုက်နစ်နာဆုံးရှုံးမှုများကို ထောက်ရှုပြီး အကြမ်းဖက် လက်နက်ကိုင် လမ်းစဉ်ကိုစွန့်ကာ ပါတီနိုင်ငံရေးနှင့် ရွေးကောက်ပွဲ လမ်းကြောင်း မှတဆင့် ဝင်ရောက်၍ နိုင်ငံရေးပြဿနာကို ဖြေရှင်ရန် စစ်ကောင်စီက ဆိုထားသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို လာမည့် အောက်တိုဘာ ၁ရက်နေ့တွင် စတင် ကောက်ယူမည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို အားသွန်ခွန်စိုက် ပြုလုပ်နေချိန် ဖြစ်သည် ဟု ဖိတ်ခေါ်စာ၌ ရှင်းပြထားသည်။

ယခုလို စစ်ကောင်စီက ကမ်းလှမ်း ဖိတ်ခေါ်လိုက်သော်လည်း စစ်တပ်အနေဖြင့် ယခင်နည်းလမ်းဟောင်းများ အတိုင်းသာ စဉ်းစားတွေးခေါ်၍ ဖိတ်ခေါ်ခြင်းမျိုးဖြစ်နေသလို စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ဆက်လုပ် ဆောင်ခြင်းသာဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU ပြောခွင့်ရ ပဒိုစောတောနီးက ယခုလို တုံ့ပြန် ပြောဆိုသည်။

“ကျနော်တို့ ဦးတည်တာက အစိုးရပြောင်းလဲရေးမဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည်မှာ အုပ်ချုပ်သူ အစိုးရ ပြောင်းပြီးရင်းပြောင်းနဲ့ တဝဲလည်လည်နဲ့ ဘာမှ မထူးဘူး။ ကျနော်တို့ လိုချင်တာက စနစ်တစ်ခုလုံးကို ပြောင်းပြန် လှန်ပြီးမှ အသစ်ပြန်တည်ဆောက်ဖို့ဖြစ်တယ်။ အဲ့အတွက် ကျနော်တို့ လုပ်ရမဲ့ အလုပ်ကစနစ် ဟောင်းကို ဖြိုပြီးမှ စနစ်အသစ်ကို တည်ဆောက်ရမှာဖြစ်တယ်” ဟု ၎င်းက တုံ့ပြန် ပြောဆိုသည်။

သို့သော် စစ်ကောင်စီအနေဖြင့် ယခင်ပြောဆိုထားသည့် အချက် ၃ ချက်တို့ကို လက်ခံပါက ဆွေးနွေးပွဲကို ချက်ချင်းလုပ်ဆောင် နိုင်သည့် အခြေအနေမျိုး လမ်းဖွင့်ထားသည်ဟု ပဒိုစောတာနီးက ပြောသည်။

ထို သဘောထားရပ်တည်ချက် ၃ ခုမှာ စစ်တပ်အနေဖြင့် နိုင်ငံရေးကိုစွန့်လွှတ်၍ အနာဂတ် အရပ်သားအစိုးရ အောက်၌ အမှုထမ်းရန်၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် အသစ်ရေးဆွဲမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့ အနေဖြင့် လက်ခံရန်နှင့် စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို တာဝန်ခံရန် စသည့် အချက်တို့ ဖြစ်သည်။

အဆိုပါ စစ်ကောင်စီ၏ ဖိတ်ခေါ်စာ၌ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအပြင် အကြမ်း ဖက်အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF များဟူ၍ သုံးနှုန်းသည့် PDF များကို ထူးထူးခြားခြား ထည့်သွင်း ဖိတ်ခေါ်လာသော်လည်း PDFကို ဖွဲ့စည်းကွပ်ကဲနေသည့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကိုမူ တိုက်ရိုက် လိပ်မူထားခြင်းမျိုး မရှိကြောင်း တွေ့ရသည်။

၎င်းအပြင် ၎င်းတို့၏ ဖိတ်ခေါ်ချက်ပါ အသုံးအနှုန်းများတွင်လည်း အဖွဲ့အစည်းများအပေါ် အကြမ်းဖက်ဟူသော စွပ်စွဲချက်ပါသည့် အသုံးအနှုန်းများကို ဆက်လက်သုံးနှုန်းထားသောကြောင့် ယခုလို ဖိတ်ခေါ်မှုမျိုးသည် မည်သူမှ “ယုံကြည်မည်မဟုတ်” ကြောင်း နိုင်ငံရေးဆောင်းပါးများ သုံးသပ်ရေးသားသူ ဆရာမောင်ကျော်စွာက ယခုလို ပြောသည်။

“ဗုံးတွေ မပြတ်ကြဲနေတဲ့ လက်နက်ကြီးတွေနဲ့ ဒရစပ်ပစ်နေတဲ့ အကြမ်းဖက်သမားတွေလို့ ကြေညာထားတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေလို့စွပ်စွဲ ပုတ်ခတ်ထားတဲ့ သဘောထားနဲ့ အသုံးအနှုန်းတွေ ပါဝင်နေတဲ့ကြေညာ ချက်ဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်တာလို့ ဘယ်သူက ယုံကြည် နိုင်ကြမှာလဲ” ဟု ၎င်းက ထောက်ပြ ပြောသည်။

ယခုလို ဖိတ်ခေါ်ကြေညာမှုမျိုးသည်လည်း ဖြိုခွဲလိုသော ရည်ရွယ်ချက်ပါသည်မှာ ထင်ရှားသည်ဟု ဆရာ မောင်ကျော်စွာက သုံးသပ်ပြောသည်။ ထို့အပြင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း ဝင်ရောက် ဆွေးနွေးခိုင်းခြင်းမျိုးဖြစ်၍ လက်ခံနိုင်စရာမရှိသလို လက်တွေ့ကျသည့် လုပ်ရပ်များပြသရန် လိုသည်ဟု သုံးသပ် ပြောသည်။

ဖိတ်ခေါ်စာ ထုတ်မည့်အစား လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ထိုးစစ်ဆင်ရန် ပြင်ဆင်မှုများ အားလုံးကို ရပ်ဆိုင်းကြောင်း တရားဝင် ကြေညာရန် ကနဦးလိုအပ်သည်ဟု ထောက်ပြသည်။

အလားတူ ယခုလို စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ်တွင်လည်း ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်နေသည့် PDF ခေါင်းဆောင် များက လက်မခံကြသလို ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများအကြား ရန်တိုက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရ၏ ဖိအားကြောင့် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်ကို ရှာခြင်းမျိုးသားဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများက မီဒီယာ အသီးသီးတွင် တုံ့ပြန်ပြောဆိုမှုမျိုး အများအပြား ပြုလုပ်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံရေး ပြဿနာကို ဖြေရှင်းဆွေးနွေးရန် ၎င်း၏ အတိုက်အခံများကို ဖိတ်ခေါ်နေ သော် လည်း တစ်ဖက်တွင် အတိုက်အခံများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု၊ ထိုးဆင်စစ် မှုများကို ရပ်ဆိုင်ကြောင်း တရားဝင် ထုတ်ပြန်ခြင်းမျိုး မရှိဘဲ ယခင်နည်းလမ်းဟောင်းများအတိုင်းသာ အသုံးပြု လာခြင်းဖြစ်သည်။

ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကလည်း ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နှင့် ရွေးကောက်ပွဲ ဝင်ရန် ကမ်းလှမ်းမှုမျိုး ပြုလုပ်ခဲ့ဖူးသလို ယင်းကိုလက်ခံသည့် လက်နက်ကိုင်အဖွဲ့အချို့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များအဖြစ် ပေါ်ထွက်လာသလို အချို့ရွေးကောက်ပွဲ ဝင်သည့် ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသည်။

သို့သော် ၎င်းတို့ အစီအမံအတိုင်းလက်မခံသည့် အဖွဲ့အစည်းများနှင့် တိုက်ပွဲ ပြန်ဖြစ်သည်များလည်းရှိခဲ့သည်။ အထူးသဖြင့် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သည့် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်-KIA နယ်မြေတွင် ၂၀၁၁ခုနှစ်တွင် နှစ်ဖက်တိုက်ပွဲများအကြီးအကျယ် ပြန်လည်ပေါ်ပေါက်လာခဲ့သည့်။

ထို့အပြင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ (နောက်ပိုင်း ၁၀ ဖွဲ့) တို့နှင့် ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို နိုင်ငံတကာ အသိ သက်သေများရှေ့မှောက်၌ လက်မှတ်ထိုးခဲ့သော်လည်း စစ်တပ်အာဏာ မသိမ်းမှီ ၂၀၂၁ ခုနှစ်ထိ နိုင်ငံရေးဆွေးနွေး မှုထိရောက်တိုးတက်မှု မရှိခဲ့သည်မှာ ထင်ရှားသည်။

လက်ရှိ စစ်ကောင်စီ၏ ဖိတ်ခေါ်မှုသည်လည်း ယခင်စစ်အစိုးရ အာဏာရှင်များနည်းတူ ၎င်းတို့၏ အတိုက်အခံ အဖွဲ့အစည်းများကို လက်နက်စွန့်၍ နိုင်ငံရေးပါတီထူထောင်ကာ လာမည့် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့ ကျင်းပရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲတွင် ပါဝင်လာရန် ဖိတ်ခေါ်ခြင်းမျိုးသာဖြစ်ပြီး ငြိမ်းချမ်းရေး ရလိုသည့် နိုင်ငံရေး ဆန္ဒများမပါဝင်ကြောင်း အတိုက်အခံဘက်က အသီးသီးထုတ်ဖော် ပြောဆိုလျက်ရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကသာ ယခုလို စစ်ကောင်စီ ၏ ထုတ်ပြန်ချက်အပေါ် လက်မခံကြခြင်းဖြစ်ပြီး အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံမှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ကျန် လက်နက်ကိုင် အင်အားစုများ၏ သဘောထားများကိုမူ စောင့်ကြည့်သွားရမည်ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် လာမည့် အောက်တိုဘာ ၁ရက်နေ့မှစ၍ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူ ရန် ပြင်ဆင်ထားပြီး လာမည့် ၂၀၂၅ခုနှစ်တွင်လည်း ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

သို့သော် တော်လှန်ရေးအင်အားစုများကမူ လက်မခံ အာဏာရှင်အမြစ်ပျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးကိုသာ ဆက်ကိုင်ဆွဲထားနေဆဲ ဖြစ်သည်။