Home သတင်း ကေအိုင်စီ ၂၇နှစ်ပြည့် အယ်ဒီတာအဖွဲ့ စကားလက်ဆောင် (အယ်ဒီတာ့အာဘော်)

ကေအိုင်စီ ၂၇နှစ်ပြည့် အယ်ဒီတာအဖွဲ့ စကားလက်ဆောင် (အယ်ဒီတာ့အာဘော်)

94

အယ်ဒီတာ့အာဘော်

ကေအိုင်စီ ၂၇နှစ်ပြည့် အယ်ဒီတာအဖွဲ့ စကားလက်ဆောင်

(စက်တင်ဘာ ၂၇၊ ၂၀၂၄)

ကေအိုင်စီ-ကရင်သတင်းဌာန တည်ထောင်ခဲ့သည်မှာ ယခုနှစ် စက်တင်ဘာလဆိုလျှင် ၂၇နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ် သည်။ ယခုလို နှစ်ပတ်လည် အချိန်အခါ၌ ကနဦးပြောလိုသည်မှာ ကေအိုင်စီကို မွေးဖွားပေးခဲ့သည့် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးကို ကျေးဇူးတင်စကား ပြောလိုသည်။ ထို့နောက် ကေအိုင်စီကို ကျရာအခန်းကဏ္ဍမှ ကူညီပေး သူကြများ အစဉ်အမြဲ အားပေးနေသည့် အရပ်ဒေသအသီးသီးရှိ စာဖတ်ပရိဿတ်တို့ကိုလည်း ကျေးဇူးဥပက္ခာရပြုလိုပါ သည်။

သမိုင်းကိုပြန်ကြည့်လျင် တစ်ချိန်က ကရင်လူမျိုးတို့ သတင်းမီဒီယာပိုင်း အားကောင်းခဲ့ဖူးသည်ဟု ဆိုနိုင်သည်။ ထိုအ ထဲမှ အချို့ကို ထုတ်နှုတ်ပြောရလျင် ၁၈၄၁ခုနှစ်က မော်လမြိုင်၌ စတင်ထုတ်‌ဝေခဲ့သည့် ဆာထု‌ဝေါ်(မိုး‌သောက်ကြယ်) ဂျာနယ်ကို စ‌ကောကရင်နှင့် အင်္ဂလိပ်စာ နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်‌ဝေခဲ့သည့်အပြင် ၁၈၈၅ခုနှစ်တွင်လည်း အမျိုးသား သတင်းစာကို အယ်ဒီတာအဖြစ် ဒေါက်တာတီသံပြာက ထုတ်‌ဝေခဲ့သည်။

၁၉၁ဝ ပြည့်နှစ်မှ ၁၉၂ဝပြည့်နှစ်အထိ ဆာထုဟား (Evening Star) သတင်းစာ၊ ရီ‌ကော်တာ (Recorder) အပတ်စဉ် သတင်းစဉ်၊ ကရင်မဂ္ဂဇင်းနှင့် ထိုစဉ်က အင်းစိန်နှစ်ခြင်းစာသင်‌ကျောင်း၏ ဘူလက်တင် (Bulletin) သတင်းစာ၊ ယုဒ ဿန်‌ကောလိပ် ကရင်‌ကျောင်းသူ‌ကျောင်းသားများ၏ တစ်နှစ်တစ်ကြိမ်ထုတ် နှစ်စဉ်ထုတ် ကရင်မဂ္ဂဇင်းနှင့် ၁၉၆၂တွင် ကရင့်‌ရှေ့‌ဆောင်ဂျာနယ် စသည်ဖြင့် အသီးသီး ထုတ်‌ဝေခဲ့ကြဖူးသည်။

အလားတူ ကလေးသူငယ်ဆိုင်ရာ စာစောင်များနှင့် ရှေ့သို့ (Go Forward) ပိုးကရင် သတင်းစာ တစ်စောင်လည်းရှိခဲ့ဖူး သေးသည်ဟု မှတ်တမ်းများအရ သိနိုင်သည်။ ထို့အပြင် ကရင့်တော်လှန်ရေးအစပိုင်တွင် ကော်သူးလေအစိုးရ တည် ထောင်ကြောင်းကို မော်ချီးရှိ အသံလွှင့်ရုံမှ ထုတ်လွှင့်ခဲ့သည့် သမိုင်းမှတ်တမ်းမှာလည်း အထင်အရှားရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်မတိုင်မီချိန်က အများပြည်သူ လေးစားသည့် ကရင့်ကလောင်ရှင်များလည်း ရှိခဲ့သည်။ တချို့အမည် များကို ထုတ်ဖော်ပြောဆိုရပါက ဆရာနဂူဒီ(ဘိတ်)၊ ဖိုးလေးတေး (ရန်ကုန်)၊ ထီစံထူး(ရန်ကုန်)၊ ဆရာဘထင်(တောင် ကြီး)၊ ဆရာမိုးလို(တောင်ငူ)၊ ဆရာလူးရွှေ (ပုသိမ်- နောက်ပိုင်းထိုင်းနိုင်ငံသို့ သွားရောက်နေထိုင်)၊ ဆရာဖိုးဘ(တောင် ငူ)၊ ဆရာဖိုးငယ်(အင်းစိန်)၊ ဖီးနော်လော(အင်းစိန်)၊ ဖူးဘွေထော်(ရန်ကုန်) စသည်တို့ဖြစ်သည်။

ယင်းသို့သတင်းဂျာနယ်များ အား‌ကောင်းသည်နှင့်အမျှ ကရင်တိုင်းရင်းသားများသည်လည်း လူမှု‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် နိုင်ငံ‌ရေး စသည့်နယ်ပယ်စုံမှာ မျက်စိပွင့်၊ နားပွင့်စွာ တွေး‌ခေါ်‌မြော်မြင်မှုများ တိုးတက်မြင့်မားလာခဲ့ သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

တစ်ဆက်တည်းပြောလိုသည်မှာ ကေအိုင်စီ-ကရင်သတင်းဌာန၏ နောက်ခံသမိုင်းကြောင်း ဖြစ်သည်။ ကေအဲန်ယူ ဒုဥက္ကဌဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ပဒိုစောဒေးဗစ်သကဘောက ကေအိုင်စီကို ၁၉၉၇ ခုနှစ်တွင် သတင်းစာစောင် ထုတ်ဝေမှုဖြင့် စတင် အကောင်အထည်ဖော်ခဲ့သည်။ လူ့အခွင့်အရေး၊ တိုင်းရင်းသားများ အခွင့်အရေး၊ ဒီမိုကရေစီရေး အပေါ်တွင် ရပ်တည်၍ စကောကရင်၊ ဗမာ နှစ်ဘာသာ ပါဝင်သည့် A4 အရွယ်အစား “ကရင်အမျိုးသားသတင်းစာ စောင်”ကို တစ်လတစ်ကြိမ် ထုတ်ဝေခဲ့သည်။

ထို့နောက် ၂၀၀၄ခုနှစ်တွင် “ကညောတာကစော်၊ ကရင်သတင်းစဉ်” အမည်ဖြင့် သတင်းဂျာနယ်ပုံစံကို ရောင်စုံမျက်နှာ ဖုံးဖြင့် အဆင့်မြင့် ထပ်မံ ထုတ်ဝေခဲ့သည်။ ထိုသို့ ထုတ်ဝေနေရင်း ခေတ်ရေစီးကြောင်းအရ သတင်းဆက်သွယ်ရေးနည်း ပညာပိုင်းတိုးတက်လာသည်နှင့်အမျှ ၂၀၀၉ ခုနှစ်တွင် ကေအိုင်စီ၏ ဝက်ဘ်ဆိုက် www.kicnews.org ကို စတင် တည် ဆောက်ခဲ့ပြီး နေ့စဉ် သတင်းများကို ဝက်ဘ်ဆိုက်စာမျက်နှာပေါ်တွင် ဖော်ပြနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ကေအိုင်စီသည် အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာ တစ်နည်း ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် နေရာတစ်ခု အခိုင်အမာရရှိပြီး ယနေ့အချိန်ထိ ရပ်တည်လာခဲ့သည်။ အလားတူ ကေအိုင်စီ၏ ယူကျုပလက်ဖောင်းမှာ လည်း ပရိဿတ် တစ်သိန်းကျော်လွန်မှုကြောင့် YouTube ကုမ္ပဏီ၏ ငွေရောင်ဂုဏ်ပြုဆုကို ရရှိခဲ့သည်။ အချိုးအကွေ့၊ အခက်အခဲကြားက အောင်မြင်မှုအနေဖြင့် သတင်းမီဒီယာလုပ်ငန်းတွင် ဦးဆောင်လုပ်ကိုင်သည့် အမျိုးသမီးများကို ကမ္ဘာ့သတင်းစာမျက်နှာများနှင့် သတင်းစာထုတ်ဝေသူများအဖွဲ့ (WAN-IFRA)က ဂုဏ်ပြုသည့် ၂၀၂၄ခုနှစ်အတွက် Women in News Editorial Leadership ဆုကို အရှေ့တောင်အာရှဒေသ ကိုယ်စားပြုအဖြစ် ကေအိုင်စီ၏ အယ်ဒီတာ ချုပ်အား ရွေးချယ်ချီးမြှင့်ခဲ့သည်။

ထိုသို့ နိုင်ငံတကာ သတင်းမီဒီယာဆိုင်ရာ ဆုရရှိခြင်းသည် ကရင်လူမျိုးတို့၏ သတင်းမီဒီယာလုပ်ငန်းများ လုပ်ဆောင်ခဲ့ သည့် လွတ်လပ်ရေးမတိုင်မှီခေတ်နှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ယခုအချိန်ထိတွင် ပထမဆုံး ကရင်အမျိုးသမီးဟု ဆိုနိုင်သည်။ ၎င်းအပြင် သူမသည် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ၏ ဥက္ကဌအဖြစ် ရွေးကောက်ခံခဲ့ရပြီး လက်ရှိအချိန်၌ တာဝန်ထမ်းဆောင်နေသူဖြစ်ရာ ကေအိုင်စီအတွက်၊ တိုင်းရင်းသားမီဒီယာများနှင့် ဒေသန္တရအခြေစိုက် မီဒီယာများအတွက် ဂုဏ်ယူစရာဖြစ်သည်။ အကြောင်းမှာ ဒေသတွင်းနိုင်ငံများတွင် ထိုတာဝန်မျိုးကို ထမ်းဆောင်နေ ကြသူ အများစုမှာ အမျိုးသားများသာဖြစ်နေသောကြောင့် ဖြစ်သည်။

အများသိပြီးနည်းတူ မြန်မာနိုင်ငံတွင် တိုင်းပြည်နှင့် ပြည်သူကိုကာကွယ်ပေးရမည့် စစ်တပ်က ပြည်သူ့ဘဏ္ဍာဖြင့် ဖြည့် တင်းတပ်ဆင်ပေးထားသည့် လက်နက်အားကိုးဖြင့် ပြည်သူ့ထံမှလာသည့် အာဏာကို မတရားရယူ သိမ်းပိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ခေတ်အဆက်ဆက် အနိုင်ကျင့်မှုကို မခံလိုတော့သည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နိုင်ငံ အနှံ့ တော်လှန်ခုခံစစ်ကို ဆင်နွှဲလာခဲ့ရသည့် ပြည်တွင်းစစ်မီးမှာလည်း ဟုန်းဟုန်းတောက်နေရသည်။

အဆိုပါ အခြေအနေမှန်များ၊ အာဏာသိမ်း စစ်တပ် ကျူးလွန်လျက်ရှိသည့် မတရားမှုလုပ်ရပ်အဖုံဖုံကို ဖော်ထုတ်ရေး သား တင်ဆက်ထုတ်လွှင့်နေသည့် သတင်းမီဒီယာများကိုလည်း ရန်သူသဖွယ်ပြုမူ ဆက်ဆံနေသည်မှာ အများအသိ ဖြစ်သည်။ ကမ္ဘာတွင် မြန်မာနိုင်ငံသည် မီဒီယာလွတ်လပ်ခွင့် မရှိဆုံး ၁၀နိုင်ငံစာရင်း၌ ပါဝင်သည်အထိ ဖြစ်လာခဲ့သည်။

“စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီနှင့် တရားမျှတမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်”ဟု ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မေလ ၃ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ် ခွင့်အထိမ်းအမှတ်နေ့တွင် ပြောဆိုခဲ့သည်။ ထို့အပြင် စာနယ်ဇင်းလွတ်လပ်ခွင့်သည့် အခြေခံလူ့အခွင့်အရေးအတွက် အသက်သွေးကြောပမာဟု ၎င်းက တင်စားပြောဆိုသည်။

မျက်မှောက်ကမ္ဘာကြီးတွင် စာနယ်ဇင်းလွတ်လပ်ခွင့်သည် ခြိမ်းခြောက်ခံနေရဆဲဖြစ်ရှိနေသည့်နည်းတူ မိမိတို့သည် လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပေးခံနေရချိန်ဖြစ်သည်။ မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေအနေကို သုတေသနပြုစုကာ စုဆောင်းနေသည့် အစုအဖွဲ့များ၏ မှတ်တမ်းများအရ ၂၀၂၁ စစ်တပ်က အာဏာ သိမ်းပြီးချိန်မှစ၍ စစ်ကောင်စီက သတင်းမီဒီယာ (၁၅)ခု ပိတ်သိမ်းခြင်း၊ သတင်းသမား (၂၀၀)ခန့် ဖမ်းဆီးထောင်ချခဲ့ ပြီး (၅၀)နီးပါး ထောင်ထဲရှိနေသေးခြင်း၊ သတင်းသမား (၇)ဦး သေဆုံးရခြင်းနှင့် တရားစွဲဆို၊ ဖမ်း၀ရမ်းထုတ်ခံရခြင်း များလည်းရှိနေကြောင်း သိရသည်။

ကေအိုင်စီသည်လည်း မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ အလားတူ စိန်ခေါ်မှု၊ အခက်အခဲများလည်း ရှိနေသည်။ စစ်မက်ရေးရာ များပြားသည့် ထိလွယ်ရှလွယ်ကာလတွင် အမျိုးမျိုးသော နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများအ ကြား၌ မီဒီယာနှင့် သတင်းမီဒီယာကို ကွဲပြားစွာ မမြင်နိုင်မှုအချို့ ရှိနေသည်။ သတင်းမီဒီယာ၏ သဘောသဘာဝအရ ပြည်သူ့ဘက်မျက်နှာမူကာ ရေးသားတင်ဆက်ရသည့်အတွက် အချို့သော အဖွဲ့အစည်းများ၏ စိတ်ကြိုက်မဖြစ်နိုင်ပေ။

သို့သော် ကေအိုင်စီ၏ ၂၇နှစ်ပြည့် နှစ်ပတ်လည်နေ့၌ တက်ရောက်ခဲ့သည့် ကေအဲန်ယူခေါင်းဆောင်တစ်ဦးကမူ ယခင် ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ သဘောထားကို စံနမူနာပြုကာ ယခုလို လမ်းညွှန်စကားပြောကြားခဲ့သည်။ မီဒီယာများကို မကြောက်ရန် မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပေးလိုသည့် မှန်ကန်သည့် သတင်းစကားများကို မီဒီယာကတဆင့် ပူးပေါင်းဆောင်ရွက်ပေးသွားရမည်ဟူ၍ ဖြစ်သည်။ ထိုသို့မျှော် မြင်ကြီးမားစွာ လမ်းပြခဲ့သည့် တော်လှန်ရေးခေါင်းဆောင်များရှိသည့်အတွက် မိမိတို့များစွာ အားတက်ရသည်။

အချုပ်အားဖြင့် ပြောလိုသည်မှာ မျက်မှောက် နိုင်ငံရေး၊ စစ်ရေး ရှုပ်ထွေးနေချိန် မီဒီယာအမည်ခံ ဝါဒဖြန့်ချိရေး ပုံစံမျိုးစုံ ဖြင့် ဆိုရှယ်မီဒီယာများတွင် ထွက်ပေါ်နေချိန်ဖြစ်သော်လည်း ကေအိုင်စီ- ကရင်သတင်းဌာနသည် တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို ဦးတည်လျက် မိမိတို့ကရင်လူမျိုးများအတွက် ပြည်သူ့ရှေ့ဆောင်မီဒီယာအဖြစ် သတင်းမီဒီယာကျင့်ဝတ်နဲ့ညီစွာ ဆက်လက် ရှင်သန်သွားမည်ဟု ၂၇နှစ်ပြည့် အချိန်အခါတွင် စာဖတ်သူများထံသို့ ကေအိုင်စီမှ အယ်ဒီတာသတင်းစကားပါးလိုပါသည်။