Home သတင်း အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့် သံသယဖြင့်အဖမ်းဆီးခံထားရသူများ ပြန်မလွတ်လာသေး

အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့် သံသယဖြင့်အဖမ်းဆီးခံထားရသူများ ပြန်မလွတ်လာသေး

684
Photo: CJ

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က သေနတ်နှင့် ပစ်သတ်ခံရပြီး သံသယ ဖြစ်သူ အရပ်သား ၁၂ ဦး ဖမ်းဆီးခံရပြီးနောက် ယနေ့ အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း နီးစပ်သည့် ဒေသခံများကပြောသည်။

စစ်ကောင်စီက စေခိုင်းသည့် စစ်မှုထမ်းလူငယ်များကို လိုက်လံကောက်ယူရာတွင် ငွေကြေးကောက်ခံမှု၌ နာမည် ဆိုးဖြင့်ကျော်ကြားနေသောကြောင့် ဩဂုတ်လ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် လယ်အင်းတဲ မှအပြန် အမည်မသိ သေနတ်သမား ၂ ဦးမှာ နာထင်ကို ပစ်ခတ်လိုက်ခြင်းကြောင့် သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် နယ်မြေခံ ရဲ နှင့် စစ်သားများက ကျေးရွာအတွင်း ဝင်ရောက် စစ်ဆေးမှု များ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့ သံသယဖြစ်သူ လူငယ် လူလတ်ပိုင်း ၁၂ ဦးကို ဆက်တိုင် ဆိုသလို နေအိမ် အတွင်း ဝင်ရောက်ဖမ်းဆီးပြီးနောက် ပန်းတနော်မြို့မ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး စစ်တပ်ဘက်က စစ်ဆေး မေးမြန်း မှုများ ပြုလုပ်နေပြီး ယနေ့အချိန်ထိ ပြန်မလွတ်လာကြသေးကြောင်း အခြေအနေကို သိရှိသူ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“တော်တော် ပါသွားကြတယ်။ အခုထိ တစ်ယောက်မှ ပြန်မလွတ်လာသေးဘူး။ သူတို့က ဘယ်လို သတင်းမျိုး ရလဲတော့ မသိဘူး ဆက်တိုက်ကို ဝင်ဖမ်းတာ။ အဖမ်းခံရတဲ့သူတွေကတော့ ရွာသားတွေပါပဲ။” ဟု ကေအိုင်စီ သို့ ပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသူမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ဆိုသူဖြစ်ပြီး စစ်ကောင်စီထောက်ခံသူ တစ်ဦး အနေဖြင့် လူသိများကာ အဆိုပါ ပစ်ခတ်မှုကို မည်သည့် အဖွဲ့အစည်းက ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန် ထားခြင်းမရှိကြောင်းတွေ့ရသည်။

အခြေအနေကို စုံစမ်းသိရှိသည့်နောက်ထပ်ဒေသခံ တစ်ဦးက “ကျမတို့ ကြားတာက အဲ့ဒီ အုပ်ကြီးက အပစ်ခံ ထိပြီးတော့ တပ်ဘက်က သူ့အိမ်ကို လာစစ်တဲ့အခါမှာ သူ့အမျိုးသမီးမှာက နာမည်စာရင်းတစ်ခုရှိတယ်။ အဲ့ နာမည်စာရင်းက အဓိက အုပ်ချုပ်ကြီးက ဟိုဘက် ယိမ်းတယ်လို့ အနံ့ထွက်ထားတဲ့သူတွေကို ရေးမှတ်ထားတာ။ အဲ့နာမည်စာရင်းအတိုင်း လိုက်ဝင်ဖမ်းတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ်အတွင်း ရွှေလောင်းမြို့ခံ အုပ်ချုပ်ရေးမှူးတစ်ဦးလည်း အလားတူ ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ဖြစ် ပေါ် ခဲ့သေးပြီး ယခုတစ်ကြိမ်အပါအဝင် ပန်းတနော်မြို့နယ်အတွင်း အပစ်သတ်ခံရသူ အုပ်ချုပ်ရေးမှူး နှစ်ဦး အထိရှိလာပြီးဖြစ်ကြောင်းဒေသခံများက ပြောသည်။

ယခုလို ဖြစ်စဉ်ကြောင့် ဒေသခံ လူငယ်အချို့ မှားယွင်းဖမ်းဆီးခံရမည်စိုးသောကြောင့် ရှောင်တိမ်းနေကြသူအချို့ ရှိသည်။ ထို့အပြင် ပန်းတနော်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့မှာ စစ်မှုထမ်းအတွက် စစ်သားစုဆောင်း ခြင်း ငွေကြေး တောင်းခံခြင်းနှင့်ပတ်သက်ပြီး သတိပေး ခြိမ်းခြောက်ခံရမှုများလည်း အွန်လိုင်းတွင်ပျံ့နှံ့ လျက်ရှိသည်။

အလားတူ လတ်တလောတွင် ပန်းတနော်မြို့နယ်ရှိ ကျေးရွာများတွင် စစ်မှုထမ်းခေါ်ယူရာတွင် ကျေးရွာ တစ်ရွာ ကို လူနှစ်ဦးနှုန်းဖြင့် ခေါ်ယူနေပြီး လူကိုယ်တိုင် မပါဝင်နိုင်သည့် ကျေးရွာများကို ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာတစ်ရွာလျှင် ကျပ် ၇ သိန်းနှုန်းဖြင့် ကောက်ခံဖြေရှင်းနေကြောင်း သိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သတ်မှတ်ပြဌာန်းလိုက်ပြီးနောက် နိုင်ငံ တစ်ဝှမ်းသတ်မှတ်ထားသည့် အသက်အပိုင်းအခြားအရ လူငယ်များ စစ်မှုထမ်းရမည်ဖြစ်ပြီး လက်ရှိတွင် အပတ်စဉ် (၅) အထိရောက်လာပြီးဖြစ်သည်။

လက်ရှိ အပတ်စဉ်အတွက် စစ်သားစုဆောင်း ကောက်ခံရာတွင် နာမည်စာရင်းမပါသည့် လူငယ်အများအပြားပါ အတင်းအဓမ္မဖမ်းဆီး ဆွဲသွင်းခံရနေရကြောင်းလည်း ဒေသခံ များထံမှသိရသည်။