Home သတင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူတွင် အောင်မြေနင်းယတြာချေပွဲပြုလုပ်ခဲ့

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူတွင် အောင်မြေနင်းယတြာချေပွဲပြုလုပ်ခဲ့

1020
Photo: SAC

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည့် ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ တောင်ငူ လေတပ် စခန်းသို့ ရောက်ရှိလာပြီးနောက် မြို့ထဲရှိ ကောင်းမှုတော် ဘုရားတွင် အောင်မြေနင်း ယတြာချေပွဲသွားရောက် ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့ နံနက် ၉ နာရီကျော်အချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် တောင်ငူ လေတပ်စခန်းသို့ လာရောက်ခဲ့ပြီး လေတပ်စခန်းနှင့် စစ်ဆေးရုံများသို့ သွားရောက်၍ တိုက်ပွဲကြောင့် ခြေပြတ်လက်ပြတ် လူနာများကို တွေ့ဆုံခဲ့ပြီးနောက် မြို့ထဲရှိ ကောင်းမှုတော်ဘုရားတွင် အောင်မြေနင်းပွဲ ပြုလုပ်ခဲ့သည်ဟု တပ်တွင်း နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ရှေးဟောင်းဘုရားမှာ ယတြာချေဖို့ လာတာဖြစ်တယ်လို့တော့ ပထမတော့ အဲ့လိုကြားတယ်။ ဒါပေမဲ့ ပြန်ကြားတာက ကောင်းမှုတော်မှာ အောင်မြေလာနင်းတာတဲ့။ ဘာအတွက် အောင်မြေနင်းတာလည်းတော့ မသိဘူး။ ပြီးတော့ ဆေးတပ်က ခြေပြတ်လက်ပြတ်တွေကို ပဲဖြူး နှမ်းဖြူးသဘောသွားတွေ့တာပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။

စစ်ခေါင်းဆောင်အများစုသည် ယတြာချေ အစီအမံများကို အယုံအကြည်ရှိကြပြီး ၎င်းတောင်ငူလေတပ် စခန်းအနီးရှိ ယခင် တောင်ငူဘုရင် မင်းဆက်များ တည်ထားခဲ့သည့် ရှေးဟောင်း နန်းတော်ဦး စေတီတွင် စစ်အောင်နိုင်ရေး ယတြာ အစီအမံများ လာရောက်ပြုလုပ်လေ့ရှိကြသည်။ စစ်ခေါင်းဆောင်၏ ယခု ခရီးစဉ်တွင်လည်း ယတြာချေ ခြင်းမျိုး ပြုလုပ်သွားနိုင်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။

ထို့အပြင် တောင်ငူမြို့၏ အခြားအထင်ကရ ဘုရားများဖြစ်သည့် မြစောညီနောင် နှင့် ရွှေဆံတော် ဘုရားများကို လည်း သွားရောက်နိုင်ပြီး ၎င်းမကျရှုံးရေးအတွက် အစွမ်းကုန် လိုက်လံ လုပ်ဆောင်နေသည့် သဘောမျိုးသာ ဖြစ်ကြောင်းလည်း အခြေအနေကို သိရှိသည့် မြို့ခံများက ဆိုသည်။

မြန်မာနိုင်ငံ၏ အရပ်လေးမျက်နှာတစ်ခုလုံးရှိ နေရာဒေသအသီးသီးတွင် စစ်မျက်နှာ ဖွင့်ထားရသည့် အာဏာ သိမ်း စစ်တပ်အနေဖြင့် မြေပြင်ထိုးစစ်ဆင်မှုများတွင် အရေးနိမ့်နေပြီး မြို့ရွာ အများအပြားနှင့် စခန်းပေါင်းရာနှင့်ချီ၍ လက်လွတ်ဆုံးရှုံး ထားရသောကြောင့် လေကြောင်းပစ်ကူကိုသာ အားထားနေရသည်။

အဆိုပါ စစ်ခေါင်းဆောင် လာရောက်ခဲ့သည့် တောင်ငူလေတပ် စခန်းသည်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက် နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ (၁၀၇ မမ) ရှော့တိုက်ဒုံး(၇)လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့သလို ပြီးခဲ့ မတ်လနှင့် မေလ များတွင်လည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံခဲ့ရဖူးပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သေးသည်။