ဩဂုတ် ၁၈၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၁၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု တောင်ကလေးရွာအနီး ဩဂုတ် ၁၇ ရက်နေ့က ဖြစ်ပွားသည့်နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီး၊ ငယ် ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံ ရွာသားနှင့် ကေအဲန်ယူ-သထုံခရိုင်တာဝန်ရှိသူတို့က ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဩဂုတ် ၁၇ ရက်နေ့ မနက် ၅ နာရီ ၂၀ မိနစ်ခန့်က တောင်ကလေးရွာအနီး မစောတံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်က သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တောင်ကလေးရွာ ငါးထပ်ကြီးပိုင်းနေ စောမောင်နိုင်အမည်ရှိ အမျိုးသားတစ်ဦးမှာ ငါးပိုက် ဖော်ရန်ရောက်ရှိနေစဥ် သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ၏ ခြေင်လျင်တပ်ရင်း ခလရ-၈ က ဘီးလင်းမြို့ မြင်သာတောင်မှ တောင်ကလေးကျေးရွာ ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နတ်ကြီးချောင်ပိုင်းနေ အသက်၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံးခဲ့ရပြီး အသက် ၆၀ ကျော် အမျိုးသမီးကြီး ၂ ဦးအပါအဝင် ၅ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သထုံ ခရိုင်-ကေအဲန်ယူဘက်က ပြောသည်။
“မစောတံတားထိပ်ဂိတ်ကြေး သွားသွားတောင်းနေတဲ့အဖွဲ့ကို တော်လှန်ရေးအဖွဲ့က လာပစ်တာ။ လက်နက်ကြီးနဲ့ ပြန်ပစ်လို့ ကောင်မလေးတစ်ယောက် ဆုံးသွားတယ်။ ထိတဲ့သူတွေထဲမှာ တင်ပါးတစ်ခြမ်းဆုတ်သွားတဲ့ အဘွား တစ်ယောက်ပါတယ် ဒဏ်ရာတော်တော်များတယ်။ ကျန်တဲ့သူကတော့ ထိတာ သိပ်မများဘူး။ အကုန် စစ်တပ်က ပစ်လို့ထိတဲ့သူတွေချည်းပဲ” ဟု ရွာအနီးနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဖြစ်စဉ်အပေါ် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တစ်ခုက အဆိုပါတိုက်ပွဲအတွင်း ဆုတ်ခွာသွားသည့် တော်လှန်ရေး တပ်ဖွဲ့များကို လိုက်လံရှင်းလင်းခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု ပုံနှင့်တကွ ဖော်ပြထား သည်။
“မနက်အစောကြီး ပိုက်သွားဖော်ရင်းထိတဲ့တစ်ယောက်ဆို အလောင်းတောင်အခုထိ သွားမကောက်ရသေးဘူး။ သူ့ကို စစ်တပ်ဘက်က တော်လှန်ရေးအုပ်စုကလူ သေတာဆိုပြီး ပြောတယ်။ လိုက်စုံစမ်းကြည့်တော့ သူ့ပုံကို စစ်တပ် လော်ဘီတစ်ယောက်က ဓာတ်ပုံရိုက်ပြီး လှမ်းပို့တာ။ အဲဒါရွာသားပါပဲ တော်လှန်ရေးအုပ်စု ဘက်က အထိ အခိုက် မရှိဘူး” ဟု ဒေသခံရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်ရှိတံတားများ မကြာခဏ မိုင်းဖောက်ခွဲခံရသလို တံတားများ၌ လုံခြုံရေး ယူနေသည့် စစ်ကောင်စီလက်အောက်ခံ ဂိတ်စခန်းများကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ကမကြာခဏ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ ထို့အပြင် စစ်ကောင်စီကလည်း အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာများ ဘက်သို့ လက်နက်ကြီးဖြင့် ရည်ရွယ် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး စစ်ကောင်စီ က ဘီးလင်း၊ အဝန်းကြီးကျေးရွာသို့ လက်နက်ကြီး ချိန်ဆပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး၊ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။



















