ဩဂုတ် ၁၈၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း မြို့ပေါ်မှ ကျေးရွာများသို့ ငွေလွှဲရာတွင် လက်ရှိ ပုဂ္ဂလိကဘဏ် ငွေလွှဲခြင်းနှင့် အွန်လိုင်း ဘဏ်စနစ်များ အသုံးပြုရခက်ခဲလာခြင်း စသည့်အခက်အခဲများကြောင့် ငွေသယ်ယူပို့ဆောင် ပေးသည့်ဝန်ဆောင် မှုပုံစံသစ်ဖြင့် လုပ်ကိုင်မှုများရှိလာသည်ဟု မြဝတီမြို့ရှိငွေလွှဲ ဝန်ဆောင်မှု လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
“ငွေကိုသယ်ပြီး ငွေပြန်ပေး၊ ပြန်လွှဲ လုပ်ရတာမျိုး ဖြစ်လာပြီး။ ဘဏ်မရှိတဲ့ မြို့ ရွာတွေပေါ့။ ထိုင်းက ဘတ်ငွေနဲ့ မြန်မာပြည်ထဲက မိသားစုဆီ လွှဲတယ်၊ မြန်မာပြည်က ငွေလွှဲ၊ ငွေလဲအလုပ်တွေ မလုပ်ရဲ ကြ တော့၊ ငွေရောင်း၊ ငွေဝယ်၊ ငွေသွားပို့ပေးတဲ့အလုပ် ဖြစ်လာတယ်။ ရွာတွေ ဘက်ကို တဆင့်ပြန်သယ်ပြီး၊ ပို့ခ၊ လွှဲခ ရတဲ့သဘောပေါ့ ဗျာ။ အဲလိုလုပ်မှ ငွေလွှဲအလုပ်က ဆက်လုပ်လို့ရတဲ့ အခြေအနေဖြစ်လာပြီး” ဟု မြဝတီမြို့ရှိ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ထို့သို့ ငွေသယ်ပို့ ဝန်ဆောင်မှု ပြုလုပ်ရာတွင် ငွေသယ်ပို့ပေးသူသည် မြို့ပေါ်ရှိ ငွေလွှဲ လုပ်ငန်း လုပ်ကိုင် သူထံ ကျပ်တစ် သိန်းလျင် ကျပ်တစ်ထောင်နှုန်း ဝန်ဆောင်ခ ပေးပြီး ငွေထုတ်ယူလာကာ ရွာရှိငွေလွှဲ ထုတ်ယူမည့် သူက သယ်ယူလာသူအား လမ်းစရိတ်သယ်ယူစရိတ် ကျပ်တစ်သိန်းလျင် နှစ်ထောင်မှ သုံးထောင်ကျပ်ကြား ပေးရသည့် ပုံစံမျိုး ဖြစ်သည်။

“ချက်ခြင်းတော့ ငွေပေးတာမျိုး မရတော့ဘူး၊ မြို့တက် ငွေယူပြီး ရွာမှာ ငွေပြန်ပေး အဲ့ပုံစံ မျိုးလုပ် နေရ တယ်။ အရင်ကလို ငွေဝင်စလစ်လာပြလို့ ချက်ခြင်း စရင်းမှတ် ပြီးငွေ ထုတ်ပေး လိုက်တာမျိုး မရတော့ဘူး၊ ပေးစရာ ငွေသားလည်း မရှိဘူး” ဟု သာမညကျေးရွာ၌ တစ်ဆင့်ခံ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် Kpay၊ Wave Money တို့ဖြင့် ငွေလွှဲ၊ ငွေထုတ် ပြုလုပ်ရာတွင် ချက်ခြင်း ပြုလုပ်၍ မရဘဲ ငွေသားလက်ကျန်အပေါ်မှုတည်၍ ပြုလုပ်ရသလို အခက်အခဲ အမျိုးမျိုး ကြောင့် အွန်လိုင်း ငွေလွှဲခြင်းကို ကိုယ်စားလှယ် အများစုက လက်မခံတော့ကြောင်း ဒေသခံများနှင့် ငွေလွှဲ ကိုယ်စားလှယ်များထံမှ သိရသည်။



















