Home သတင်း ဘန်ကောက်တွင် အိမ်အကူကရင်မိန်းကလေးတစ်ဦး နှစ်ထပ်တိုက်ပေါ်က ပြုတ်ကျသေဆုံး

ဘန်ကောက်တွင် အိမ်အကူကရင်မိန်းကလေးတစ်ဦး နှစ်ထပ်တိုက်ပေါ်က ပြုတ်ကျသေဆုံး

674
Photo: Crd.

ဩဂုတ် ၁၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အိမ်အကူလုပ်ကိုင်နေသူ အသက် ၁၉ နှစ် အရွယ် ကရင်မိန်းကလေးငယ်တစ်ဦး သန့်ရှင်ရေးလုပ်ဆောင်နေစဉ် နှစ်တပ်တိုက်ပေါ်က မတော်တဆ ပြုတ်ကျသေဆုံးသွားသည်ဟု သူမ၏ဆွေမျိုး တစ်ဦးက ပြောသည်။

အဆိုပါ မိန်းကလေးငယ်၏ အမည်မှာ နော်မာဦးဖြစ်ပြီး ကောကရိတ်မြို့နယ်၊ ကော့ဝါးလယ် ကျေးရွာဇာတိ ဖြစ်ကာ ဘန်ကောက်တွင် တရားဝင် အထောက်အထားပတ်စပို့ဖြင့် တစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင် နေသူ ဖြစ်သည်။ သူမသည် ဩဂုတ် ၁၆ ရက်နေ့က နှစ်ထပ်တိုက် အပြင်ဘက်ရှိ မှန်များကို သန့်ရှင်းရေး တက်လုပ်စဉ် ခြေချော်ပြီး ပြုတ်ကျသေဆုံးသွားခြင်း ဖြစ်သည်ဟု အတူအလုပ်လုပ်နေသူများက ပြောပြသည်ဟု ဆွေးမျိုးများဘက်က ဆိုသည်။

ယခုလို အိမ်အကူသေဆုံးမှုနှင့်ပတ်သက်၍ ဆေးရုံတက်စရိတ်နှင့် သဂြိုလ်စရိတ်များကို အလုပ်ရှင်သူဌေး ကိုယ်စားလှယ်က လာရောက်ပေးအပ်ခဲ့သလို ကျန်သည့်လျော်ကြေးများကို မပေးသေးသည့်အတွက် ပေးမည့် အချိန်ကို စောင့်နေသည်ဟု အဒေါ်ဖြစ်သူ နော်မူမူးက ယခုလိုပြောသည်။

“အသုဘသဂြိုလ်စာရိတ်တို့၊ အလှူတို့က သူဌေးကိုယ်စားလှယ်က လာပေးတယ်။ သူဌေးကိုယ်တိုင် မလာဘူး။ သူတို့ပြောတာက ဘာမှမပူနဲ့ အကုန်သူတို့လုပ်ပေးပါ့မယ်။ သူဌေးက နာမည်ကြီးဘဲဆိုတော့ နာမည်တော့အပျက် မခံလောက်ဘူး။ တစ်ရက်နှစ်ရက်တော့ စောင့်ရမှာပေါ့။ လောလောဆယ်တော့အသက်လျော်ကြေးတို့ ဘာတို့က ဘယ်လောက်ပေးမလဲ မသိဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံ တရားဝင်အလုပ်သမားတစ်ဦးကို လုပ်ငန်းခွင်ထဲတွင် မတော်တဆ သေဆုံးပါက အသက်လျော်ကြေးအဖြစ် အလုပ်ရှင်ဘက်မှ ဘတ် ၁၅ သိန်းအထိ ပေးရမည်ဟု သတ်မှတ်ထားသော်လည်း သေဆုံးသူသည် အထွေထွေအလုပ်သမားဖြစ်သည့်အတွက် ရရှိမှုပုံစံတစ်မျိုးဖြစ်သွားနိုင်ကြောင်း အလုပ်သမား အရေး လုပ်ဆောင်ပေးသည့် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA၊ ဥက္ကဌ ဦးမိုးကြိုးက ဆိုသည်။

“အဓိကတော့ စာရွက်စာတမ်း ခိုင်မာရင် ခိုင်မာသလို ထွက်ဆိုချက်တွေက တစ်ယောက်တစ်မျိုးဖြစ်ရင် ရသင့် ရထိုက် တာကတော့မရဘူး။ သဂြိုလ်စာရိတ်အရင်ရမယ်၊ ပြီးမှအသက်ဖိုး လျော်ကြေးကို နောက်မှရမယ်။ အထွေထွေလုပ်သားဆိုရင်တော့ ၁၅ သိန်းမရနိုင်ဘူး။ ကာယာကံရှင်ဘက်က ပေးသလောက် လက်ခံရင်လည်း အတည်ပြုပေးရတယ်။ ဥပဒေမှာဖော်ပြတဲ့ ရပိုင်ခွင့်က တစ်ခါတစ်လေကြာတတ်တယ်။ အဆင့်ဆင့်သွား ရတယ်” ဟု ၎င်းက ပြောသည်။

နော်မာဦးသေဆုံးချိန်တွင် အနီးတွင်အလုပ်အတူလုပ်သည့် မျက်မြင်သက်သေ ၃ ဦး ရှိကာ တရားဝင်အလုပ်သမား စာရွက်စာတန်းထဲရှိ သူဌေးနာမည်တွင် လက်ရှိသေဆုံးသူ သူဌေးအိမ်အမည်မှာ တူညီသည်ဟု ဆွေးမျိုးများထံမှ သိရသည်။