Home သတင်း မော်ပယ်ခို့ရွာ အထက်တန်းကျောင်းလက်ချည်ပွဲ ဗဟိုနှင့်ခရိုင် တာဝန်ရှိသူများအပါအဝင် ၂၀၀ ဦး ကျော် တက်ရောက်

မော်ပယ်ခို့ရွာ အထက်တန်းကျောင်းလက်ချည်ပွဲ ဗဟိုနှင့်ခရိုင် တာဝန်ရှိသူများအပါအဝင် ၂၀၀ ဦး ကျော် တက်ရောက်

567

ဩဂုတ် ၁၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)၊ ဖားအံခရိုင်၊ မော်ပယ်ခို့ကျေးရွာ အမှတ်(၁) အထက်တန်း ကျောင်း၌ ယနေ့ နံနက်ပိုင်းတွင်ပြုလုပ်သည့် ကရင့်ရိုးရာ လက်ချည်ပွဲ အခမ်းအနားသို့ ဗဟိုနှင့် ဖားအံခရိုင် တာဝန်ရှိသူများအပါအဝင် ၂၀၀ ဦးကျော် တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကေအဲန်ယူ၏ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ဖားအံခရိုင်တရားသူကြီးချုပ် ပဒိုမန်းပန်းသီ၊ ကရင့်လက်နက်ကိုင်များ စည်းလုံးညီညွှတ်ရေးကော်မတီ ဥက္ကဌစောဖောဒိုနှင့် စာသင်ကျောင်း တာဝန်ရှိသူများ၊ ကျောင်းသားလူငယ်များ၊ ဒေသခံများ တက်ရောက်ကာ စုစည်းညီညွတ်စွာ လက်ချည်ပွဲကို ပါဝင် ဆင်နွှဲခဲ့ကြသည်။

ယခုလိုနှစ်စဥ် ဝါခေါင်လရောက်တိုင်း ကရင့်ရိုးရာလက်ချည်ဖြူဖွဲ့ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်သည် ကရင် လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ပျက်ရေးအတွက် ဖြစ်သည်ဟု အခမ်းအနား အမှာစကား ပြောကြားရာ၌ ဖားအံခရိုင်တရားသူကြီးချုပ် ပဒိုမန်းပန်းသီက ပြောသည်။

“လူမျိုးတိုင်းမှာ သူ့ရဲ့ရိုးရာယဥ်ကျေးမှုရှိတယ်။ ဥပမာ စာပေ၊ ဝတ်စားဆင်ယင်မှု၊ ပြောဆိုတဲ့ ဘာသာစကား၊ နောက်ပြီး ထုံးတမ်းဓလေ့ ဒါတွေက လူမျိုးတစ်မျိုးနဲ့ တစ်မျိုးမတူဘူး။ ဒီထဲက တစ်ခုခုပျောက်သွားမယ်ဆိုရင် လူမျိုး ပျောက်သွားမယ်။ လူမျိုးတစ်မျိုးမှာ ရှိသင့်ရှိထိုက်တဲ့အချက်အလက်တွေကို လူမျိုးမပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ လုပ်တာဖြစ်တယ်” ဟု ခရိုင်တရားသူကြီးချုပ် ကပြောသည်။

ထို့အပြင် လက်ချည်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ခေါင်းဆောင်တို့က လက်ချည်ပွဲဖြစ်ပေါ်လာပုံသမိုင်း၊ ဘာသာရေးနှင့် လက်ချည်မင်္ဂလာပြုလုပ်ခြင်း ကွဲပြားပုံ၊ မိမိတို့၏ရိုးရာ ယဥ်ကျေးမှုကိုထိန်းသိမ်းရန်အရေးကြီးပုံ အစရှိသည်တို့ကို အသီးသီးအမှာစကား ပြောကြားခဲ့သည်။

ကရင်လူငယ်များအနေဖြင့် ရှေးအစဥ်အဆက်က ကရင်ဘိုးဘွားများ လက်ဆင့်ကမ်းပေးထားသည့် မိမိတို့ ကရင်ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်သည်ဟု အခမ်းအနား တက်ရောက်လာသူ အထက်တန်းကျောင်းသား စောခလိန်းကြည်က တိုက်တွန်းသည်။

၎င်းက “ကျနော်တို့ လူငယ်တစ်ယောက်အနေနဲ့ ဘိုးဘွားတွေ ချန်ထားပေးတဲ့ ရိုးရာယဉ်ကျေးမှုတွေကို မပျောက် ပျက်သွားအောင် နောက်မျိုးဆက်သစ်တွေ အတွက်ပါ လက်ဆင့်ကမ်းနိုင်အောင် ထိန်းသိမ်းထားရမယ်။ ကိုယ့်ရဲ့ ရိုးရာဓလေ့ကို ဒီထက်မက ထုတ်ဖော်ပြသနိုင်အောင် ကျနော်တို့ကရင်လူငယ်တွေအားလုံး အတူတကွ ပူးပေါင်း ပါဝင်လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

အလားတူ ဖားအံခရိုင် ကေအဲန်ယူ-ဗဟိုတွင်လည်း ကေအဲန်ယူ၏ နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီက ဦးစီးပြီး ယနေ့ ဝါခေါင်လပြည့်နေ့၌ လက်ချည်ပွဲပြုလုပ်ကျင်းပခဲ့သလို ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO ဌာနချုပ် နေရာတွင်လည်း ရိုးရာလက်ချည်ဖြူဖွဲ့ပွဲကို ပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ (ဗဟို)က ထုတ်ပြန်ချက်များ အရ သိရသည်။