ဩဂုတ် ၁၄ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
နွေဦးတော်လှန်ရေးတွင် အဓိကပါဝင်နေသည့် အင်အားစုသည် ပညာရေးအင်အားစု ဖြစ်သည်ဟု ဩဂုတ် ၁၄ ရက်၊ ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ပညာရေးဝန်ကြီးဌာနက ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ၌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။
“ညီညွတ်သောတော်လှန် ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဆီသို့” ဟုအမည်ပေးထားသည့် သတင်းစာ ရှင်းလင်းပွဲအတွင်း တော်လှန်ရေးကာလ ပညာရေးဆောင်ရွက်ချက်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အတူတကွ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး ဝန်ဆောင်မှုများ လုပ်ဆောင်နေမှုအကြောင်းကို ရှင်းလင်းပြောဆိုခဲ့ရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
“တော်လှန်တဲ့ ကျောင်းသားတွေ၊ တော်လှန်တဲ့ ဆရာဆရာမတွေ၊ တော်လှန်တဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အင်အား ဟာ ဒီနေ့တော်လှန်တဲ့ အင်အားစုတွေထဲမှာ အကြီးမားဆုံး အင်အားစုဖြစ်တယ် ဆိုတာအားလုံး သိပြီးဖြစ်တယ်။ နေရာတိုင်းမှာ CDM ပညာရေး၊ CDM မရှိတဲ့နေရာ မရှိပါဘူး။ ဒီလိုပညာတတ်တွေ ပညာသင်ရင်း တော်လှန်နေတဲ့ ပညာရေး ဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။
ပြီးခဲ့သည့် အာဏာသိမ်းကာလ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး ၂၀၂၄ ခုနှစ် ဧပြီလအထိ စစ်ကောင်စီ၏ မတရား ဖမ်းဆီး ပစ်ခတ်မှုများကြောင့် သေဆုံးသူ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း ၂၃၉ ဦး ဖမ်းဆီးခံရသူ စုစုပေါင်း ၄၉၁ ဦး အထိရှိသလို မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် နွေဦးတော်လှန်ရေး ကြားကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ တော်လှန်ရေးကျောင်းသား၊ ကျောင်းသူများ အနေဖြင့်ပညာရေး မရပ်တန့်စေရေးအတွက် နေအိမ်အခြေပြု လေ့လာရေးစနစ်၊ အွန်လိုင်း(online) စနစ်ဖြင့်လေ့လာရေးနှင့် မြေပြင်သင်ကြားရေးစနစ် စသည့် ပုံစံ ၃ မျိုးဖြင့် လုပ်ဆောင်ပေးလျက်ရှိသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးတို့က အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် အခြေခံပညာကဏ္ဍ၊ သက်မွေးပညာကဏ္ဍနှင့် ဆရာအတတ်သင်ကဏ္ဍ တို့က တော်လှန်ရေးကာလအတွင်း လုပ်ဆောင်ခဲ့မှုများနှင့် ဆက်လုပ်မည့် ဖက်ဒရယ်ဒီမို ကရေစီ ဆောင်ရွတ်ချက်များကို ရှင်းလင်းတင်ပြောဆိုခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ စာရင်းများအရ ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာ ကျောင်းပေါင်း ၅,၉၉၄ ကျောင်းတွင် ဆရာ၊ ဆရာမ စုစုပေါင်း ၆၃,၃၁၁ ဦးရှိပြီး ကျောင်းသားဦးရေ ၇၅၆,၂၈၈ ဦး တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။



















