ဩဂုတ် ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းယူထားသည့် ၂၀၂၃-၂၀၂၄ ခုနှစ်ကာလအတွင်း မြန်မာစစ်တပ်ကျူးလွန်သော ပြင်းထန်ကြမ်းကြုတ်ဖွယ် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ အထောက်အထားရရှိထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UN)၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဩဂုတ်လ(၁၃)ရက်နေ့က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခအရှိန်ပြင်းထန်နေသည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အတွင်း စစ်ကောင်စီကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းသုံးသပ်ထားသည့် နှစ်ပတ်လည်အစီအရင်ခံစာတွင် IIMM က ဖော်ပြခြင်းဖြစ်သည်။
IIMM ၏ တာဝန်ရှိသူ နီကိုလက်စ်ခွန်ဂျန်က “မြန်မာနိုင်ငံတဝှမ်း ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ဖော်ပြနေတဲ့ အထောက်အထား အများအပြားကို ကျနော်တို့ စုဆောင်းထားပါတယ်။ အရပ်သား ပြည်သူတွေကို အပြစ်ပေးဖို့နဲ့ ကြောက်လန့်စေဖို့ ရည်ရွယ်ပြီး ဒီရာဇ၀တ်မှုတွေကို ကျူးလွန်တာဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင်း ဆိုထားသည်။
IIMM က ရရှိထားသည့် အထောက်အထားများအရ စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများအား လေကြောင်းမှတိုက်ခိုက်ခြင်း၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရုပ်အလောင်းများကို လူမြင်ကွင်းတွင်ပြသခြင်းနှင့် ပဋိပက္ခအတွင်း ၎င်းတို့ထိန်းသိမ်းထားသူများအား ကိုယ်အင်္ဂါဖြတ်တောက်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ထို့အပြင် စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက်သဖြင့် သေဆုံးခဲ့ရသူများတွင် ကလေးငယ်များနှင့် ကျားမ အသက်ကြီး၊ ငယ်မရွေးပါဝင်နေသလို မတရားဖမ်းဆီးထောင်ချထားသူများအား အကျဥ်းထောင်တွင်း ရိုက်နှက်၊ လျှပ်စစ် ရှော့တိုက် စသည့် ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့ သည့်အထောက်အထားများ IIMM တွင် ရှိထားပြီဖြစ်ကြောင်း နှစ်ပတ်လည်အစီအရင်ခံစာတွင် ပါရှိသည်။

IIMM အနေဖြင့် ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း အစရှိသည့် မျက်မြင်သက်သေထွက်ဆိုချက်များ၊ သတင်းရင်းမြစ်များကိုအခြေခံ၍ ၎င်းအစီရင်ခံစာကို ရေးသားပြုစုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျူးလွန်သူများ ကိုအပြစ်ပေးရေး အမှုတည်ဆောက် တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု ဆိုသည်။
ထို့အတူ တော်လှန်ရေးအင်အားစုများ၏ စစ်တပ်ထောက်တိုင်နှင့်သံသယရှိဖွယ် အရပ်သားများကို တရားမဝင်ကွပ်မျက်ခြင်းဆိုင်ရာ အထောက်အထားများကိုလည်း IIMM က ရရှိထားသလို ၂၀၂၁ ခုနှစ်နောက်ပိုင်း ရာဇဝတ်မှုများ၊ ၂၀၁၆, ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုလည်း ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကလည်း ၎င်းလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြည်သူအပေါ်အပြစ်ကျူးလွန်ခြင်း၊ တော်လှန်ရေးလုပ်ကိုင်သူအချင်းချင်း အပြစ်ကျူးလွန်ခြင်းအပေါ် ထိရောက်သည့်အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာနိုင်ငံတစ်ဝှမ်း စစ်ရေးအရှိန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်တွင် ပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်သလို ပဋိပက္ခအတွင်း အရပ်သားသေဆုံးမှု အများအပြားရှိခဲ့သည်။
IIMM ကို မြန်မာနိုင်ငံတွင်ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော ဥပဒေချိုးဖောက်ခြင်းတို့အတွက် တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို စုစည်းစိစစ် အမှုတွဲပြင်ဆင်ခြင်း၊ တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးအတွက် ရည်ရွယ်၍ UN မှ ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။




















