ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်း-ထားဝယ် ကားလမ်း ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် (၇)ဦးသေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့နယ် အခြေစိုက် တော်လှန် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဒေါင်းညီနောင်စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သရက်ချောင်း-ထားဝယ်ကားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အင်အား ၄၈ ဦးဝန်းကျင်ပါ စစ်ကောင်စီ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များမှ ဩဂုတ်လ (၁၄)ရက်၊ ယမန်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေါင်းညီနောင် စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗလာက ပြောသည်။
၎င်းက “အခုလက်ရှိအခြေနေမှာတော့ ဘာမှ မသိရသေးဘူး။ ကျနော်တို့က ပြောက်ကျားတိုက် ခိုက်တာဆိုတော့ အထိအခိုက်တော့မရှိခဲ့ပါဘူး။ စစ်တပ်ဘက်က သေဆုံးသူတွေကိုတော့ သရက်ချောင်း ကကားနှစ်စီးနဲ့သယ်သွားတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန် အလှန်ပစ် ခတ်မှု(၁၅)မိနစ်ဝန်းကျင်အထိ ကြာမြင့်ခဲ့ပြီး ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား သေဆုံးမှုအပြင်(၆)ဦး ထပ်မံဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင် စစ်ကြောင်းက ပြောဆိုထားသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ပန်းပြင်ရွာရှိ ပြည်သူအိမ်နှစ်ဆောင်အား ဖောက်ထွင်းဝင်ရောက်ပြီး ပြည်သူပိုင်ဆိုင်ကယ်နှစ်စီးအား ယူဆောင်သွားသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင်လည်း သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် အိမ်စီးကားဖြင့် လာသည့် ရဲနှင့်ပျူစောထီးတပ်ဖွဲ့ဝင်များ ကြားဖြတ် ပစ်ခတ်ခံရသောကြောင့် ပျူစောထီးတပ်ဖွဲ့ဝင်(၁)ဦး သေဆုံးခဲ့ပြီး ရဲအုပ်ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထုတ်ပြန် ပြောဆိုချက်များအရ သိရသည်။



















