Home သတင်း စက်သုံးဆီပြတ်လပ်မှု အဆိုးဆုံးအခြေအနေရောက်ရှိ၊ တစ်လီတာ ၇၀၀၀ အထိ ပေးဝယ်နေရ

စက်သုံးဆီပြတ်လပ်မှု အဆိုးဆုံးအခြေအနေရောက်ရှိ၊ တစ်လီတာ ၇၀၀၀ အထိ ပေးဝယ်နေရ

504
Photo: CJ

ဩဂုတ် ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်၊ ကရင်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး အစရှိသည့် တိုင်းနှင့်ပြည်နယ်အများစုတွင် စက်သုံးဆီပြတ်လပ်မှုမှာ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ လက်ရှိအထိ အဆိုးဆုံးအခြေအနေသို့ရောက်ရှိလာပြီး အချို့ဆီဆိုင် များတွင် စက်သုံးဆီ တစ်လီတာလျှင် ကျပ်ငွေ (၇,၀၀၀)အထိ ပေးဝယ်နေရကြောင်း ဒေသတွင်း နေထိုင်သူများ ထံမှ သိရသည်။

ဆီပြတ်လပ်မှုကြောင့် ကရင်ပြည်နယ် ဖားအံ၊ မွန်ပြည်နယ် ကျိုက်ထို၊ မော်လမြိုင်၊ ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီး မန္တလေး၊ ပြင်ဦးလွင်နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တို့တွင် စက်သုံးဆီ တစ်လီတာကို ကျပ်ငွေ(၅,၀၀၀)မှ (၇,၀၀၀)အထိ ပေးဝယ်နေရခြင်းဖြစ်သည်။

ဖားအံမြို့နေ အမျိုးသမီးတစ်ဦးက “ဆီဆိုင်အများစု ဆီကားမရောက်သေးလို့ဆိုပြီး ဆီမရောင်းတော့ဘူး ။ ဒီမနက်တော့ ဖားမဲတောင်လမ်းဘက်ကဆီဆိုင်ကြီးတွေမှာ ရတယ်လို့ကြားတယ်။ ဒါကလည်း ဆိုင်ကြီး ဆယ်ဆိုင်မှာနှစ်ဆိုင်လောက်ပဲ ဖွင့်တဲ့အနေအထားပါ။ ဖွင့်တာလည်း အချိန်ပိုင်း အကန့်အသတ်နဲ့ လမ်းဘေးဆိုင်တွေမှာဆို တစ်လီတာမပြည့်ဘူး ၅,၀၀၀ ထောင်ပေးဝယ်ရတယ်” ဟု ကေအိုင်စီသို့ ယနေ့ပြောသည်။

ဆီတန်းဝယ်ယူသည့် အရောင်းသမားများနှင့်ဆီဆိုင်သေးအချို့မှ ဆီကိုသိုလှောင်ပြီး ဈေးတင်ရောင်း မှုများကြောင့် ယခုလို သတ်မှတ်ဈေးထက် ဈေးပိုပေးဝယ်ယူနေရခြင်းဖြစ်သလို စစ်ကောင်စီက ဆီဆိုင်ပိုင်ရှင်များသို့ ဆီရောင်းချခွင့်ကိုထိန်းချုပ်ထားသည့်အပြင် မြို့ကြီးများတွင် ဆီဝယ်ရန် ညအိပ်စောင့်ရသည့်အခြေအနေအထိ ဖြစ်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

Photo: CJ

“အရင်ရက်က ကျိုက်ထိုမှာ တစ်လီတာကို (၄,၀၀၀) ပေးဝယ်ရတယ်။ ၉၂ တစ်မျိုးတည်း တစ်ရက်တစ်နာရီလောက် ရောင်းပေးတာ ဆီဆိုင်ပိုင်ရှင်တွေပြောတာကတော့ စစ်တပ်က ရောင်းခိုင်းတဲ့အချိန်မှ သူတို့ရောင်းပေးရဲတယ်လို့ပြောတယ်။ ဒီနေ့တော့ တစ်မြို့နယ်လုံးမှာရှိတဲ့ ဆိုင်ကြီး(၁၂)ဆိုင်လုံး ပိတ်ထားလို့ ဒုက္ခရောက်ကုန်ပြီ” ဟု ပိုင်ရှင်နှင့်နီးစပ်သည့် ကျိုက်ထိုမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ပြည်တွင်း ဆီပြတ်လပ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီက ပို့ကုန်မှရငွေ ရာခိုင်နှုန်းအချို့ကို ရောင်းချရန်သတ်မှတ်ချက်ဖြင့် နိုင်ငံခြားငွေစုဆောင်းခြင်းအပြင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာရောင်းမပေးသောကြောင့် ဆီဖိုးငွေမပေးချေနိုင်ဘဲ ယခုလို ဆီပြတ်လပ်မှုများဖြစ် လာသည်ဟုလည်း စီးပွားရေးအကဲခတ်နှင့်လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားသည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကမူ ပြည်တွင်းတွင် စက်သုံးဆီများအချိန်နှင့်တပြေးညီ ဖြန့်ဖြူးရောင်းချပေးနေကြောင်း ပြီးခဲ့သည့် ဩဂုတ်လ (၁)ရက်နေ့ကတည်းက ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်ထိ စက်သုံးဆီပြတ်လပ်မှု ဆက်လက်ဆိုးဝါးနေမြဲဖြစ်သည်။

စစ်တပ် အာဏာမသိမ်းခင်က စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်ငွေ (၆၀၀)ဝန်းကျင်သာရှိခဲ့ရာမှ တစ်ဆထက်တစ်ဆ ဈေးမြင့်တက်လာခဲ့ပြီး ယနေ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ စက်သုံးဆီဈေးနှုန်းများအရ ဓာတ်ဆီ၊ ဒီဇယ်ဆီ တစ်လီတာလျှင် ကျပ်ငွေ (၂,၀၀၀)မှ (၃,၀၀၀) အထိ ပေါက်ဈေးရှိလာသည်။