Home သတင်း ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူ သုံးသောင်းကျော်အတွက် စားနပ်ရိက္ခာပေး ဝေရေးလုပ် ငန်း WFP စတင်

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူ သုံးသောင်းကျော်အတွက် စားနပ်ရိက္ခာပေး ဝေရေးလုပ် ငန်း WFP စတင်

522
Photo: (WFP)

ဩဂုတ် ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာပေးဝေရေးအစီအစဥ် (World Food Programme-WFP) က စားနပ်ရိက္ခာ ထောက်ပံ့ပေးဝေရန် လျာထားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူ (၃၅,၀၀၀)အတွက် ဩဂုတ်လ(၂၄)ရက်နေ့မှ စ၍ ပေးဝေရေးလုပ်ငန်းများ စီစဥ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

WFP အနေဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေး သင့်ပြည်သူများအတွက် ဆန်နှင့်အားဖြည့် ဘီစကစ်များ စတင်ထောက်ပံ့ပေးနေပြီးဖြစ်သလို မိခင်နှင့်ကလေးအာဟာရချို့တဲ့မှုမှ ကာကွယ်ရန် အထောက်အပံ့များကိုပါ ပေးအပ်သွားမည်ဟု ၎င်းတို့၏ဩဂုတ်လ(၂၆)ရက်နေ့က ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

“ဧရာဝတီမှာကူညီဖို့ လူဦးရေ ၃သောင်းခွဲလောက် လျာထားပါတယ်။ ဒီအပတ်စနေနေ့လောက်က စပြီးပေးဝေနေပါပြီ။ ကျနော်တို့ WFP က ဝန်ထမ်းတွေပဲမြေပြင်ကွင်းဆင်းပြီး အကူအညီပေး နေတဲ့အနေအထားရှိပါတယ်။” ဟု (မြန်မာနိုင်ငံဆိုင်ရာ) WFP ဘက်က ပြောသည်။

လက်ရှိတွင် ၎င်းတို့အနေဖြင့် ကချင်၊ ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ ရေဘေးဒုက္ခသည် (၁၃၀,၀၀၀)ခန့်အတွက် ရိက္ခာအကူအညီများပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးအတွက် ထောက်ပံ့ပေးဝေရေးအစီအစဥ်မှာမူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံအနှံ့ ရေကြီးမှုပြီးနောက် ၉ နှစ်အကြာမှ ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Photo: (WFP)

WFP ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Sheela Matthew က “ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ရေလွှမ်းမိုးမှုကြောင့် မိုးစပါးအထွက်နှုန်းသိသိသာသာ လျော့ကျနိုင်ပြီး အများအားဖြင့် အကျိုးဆက်အနေနဲ့ တစ်နိုင်တစ်ပိုင်လယ်လုပ်နေသူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်နိုင်ပါတယ်။ ဒါက မြန်မာနိုင်ငံအနှံ့မှာပါ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်ခြေရှိတယ်။ ဒီလိုအခြေအနေကနေ စားနပ်ရိက္ခာပြတ်လပ်မှုမဖြစ်ဖို့အမြန်ဆုံးတုံ့ပြန်လုပ်ဆောင်နေတာပါ” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်း ရေဖုံးလွှမ်းမှု၊ မြစ်ရေကြီး ရေလျှံမှုတို့ကြောင့် လယ်ဧကအများအပြား ရေနစ်မြှုပ်ပျက်စီးခဲ့ရခြင်းမှ ပြန်လည်ရုန်းထနိုင်ရန်ကြိုးပမ်းနေသည့် တစ်နိုင်တစ်ပိုင် လယ်စိုက်တောင်သူများကို ကူညီထောက်ပံ့ပေးရန် အရေးကြီးသလို ရေကြီးမှုပြင်း ထန်သည့်နေရာများတွင် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု WFP က ဖော်ပြသည်။

WFP ၏ ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းအတွင်းရှိ ရေကြီးမှုဖြစ်ပွားသည့်နေရာများတွင် နေထိုင်သူ လူဦးရေ (၅၀၀,၀၀၀)ခန့်ရှိနေပြီး ယခုလို သဘာဝဘေးအန္တရာယ်မတိုင်ခင်ကလည်း တိုင်းဒေသကြီး လူဦးရေ စုစုပေါင်း (၁.၅)သန်းခန့်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။