ဩဂုတ် ၂၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
သံလွင်မြစ်ရေတက်လာသည့်အတွက် ကရင်ပြည်နယ် ဖားအံမြို့အတွင်းနှင့်အနီးအနားကျေးရွာများတွင် ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့တွင် တတိယအကြိမ်မြောက် ရေပြန်လည်တက်လာသည်ဟု မြို့ခံများက ပြောသည်။
ဖားအံမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များထဲသို့ ဩဂုတ်၂၆ ရက်နေ့က ရေထပ်မံဝင်ရောက်လာသလို သံမြစ်ဘေးရှိ မြေနိမ့်ပိုင်းကျေးရွာတချို့တွင်လည်း ဩဂုတ် ၂၅ ရက်နေ့မှစ၍ ရေပြန်လည်စတင်ဝင်ရောက်လာပြီး ရေကြီးမှု အနည်းငယ် ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။
“ရေကတဖြည်းဖြည်းပြန်တက်တာ မနေ့တစ်နေ့ကတည်း ကပါ၊ ဒါပေမယ့် အရမ်းကြီးတော့မဟုတ်ဘူး။ မိုးအရမ်းမကြီးတော့ အရင်နှစ်ခေါက်လောက်တော့ ရေမကြီးတော့ဘူးထင်တယ်။ ရေပြန်တက်လာတော့ ပျက်စီးသွားတဲ့စပါးတွေ အစားထိုးပြန်စိုက်ဖို့ အဆင်မပြေသေးဘူး” ဟု မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ယနေဩဂုတ် ၂၇ ရက်နေ့ ထုတ်ပြန်ထားချက်အရ လက်ရှိ သံလွင်မြစ်ရေသည် ဖားအံမြို့၏ စိုးရိမ်ရေမှတ် ၂၄.၆၁ ပေ (၇၁၀ စင်တီမီတာ) အထက်သို့ ၂ပေခန့် ကျော်လွန်ရောက်ရှိနေပြီးဖြစ်သလို နောက်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။
ဖားအံမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်တွင်တစ်ကြိမ်၊ ယခုဩဂုတ်လ ပထမအပတ်တွင်လည်း ချောင်းရေမြစ်ရေ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအများအပြားရေကြီးကာ စိုက်ပျိုးထားသည့် မိုးစပါး အများအပြား ပျက်စီးသွားပြီး ပြန်စိုက်ရန် မြေနိမ့်ပိုင်းလယ်တစ်ချို့၌ ရေဆက်ကြီးနေဆဲဖြစ်သည့်အတွက် လက်ရှိအချိန်ထိ အစားထိုးစပါးများ ပြန်မစိုက်နိုင်သေးဟု တောင်သူထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ရေကြီးရေလျှံမှု ပထမလိုင်းတွင် ဖားအံမြို့အပြင် မြဝတီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးစသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ မြဝတီမြို့တွင် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား၂ ဦး ရေနစ်သေဆုံးခဲ့သလို ကျိုက်ဒုံမြို့တွင်လည်း အမျိုးသားတစ်ဦး နေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ဖူးသည်။



















