Home သတင်း ကော့ဂွန်းအုပ်စု ပြည်သူ့လုံခြုံရေးဖွဲ့စည်းရန် အစည်းအဝေး ဒေသခံများမတက်

ကော့ဂွန်းအုပ်စု ပြည်သူ့လုံခြုံရေးဖွဲ့စည်းရန် အစည်းအဝေး ဒေသခံများမတက်

739

ဩဂုတ် ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ ကေအဲန်ယူ၊ သထုံခရိုင်/တပ်မဟာ (၁) မော်စကိုမြို့နယ်ထဲရှိ ကော့ဂွန်း(ဘားကပ်)ကျေးရွာအုပ်စု၌ ဩဂုတ်၂၉ ရက်နေ့က ပြည်သူ့လုံခြုံရေး(ကျေးရွာလုံခြုံရေး) ဖွဲ့စည်းရန်အတွက် ကျေးရွာအုပ်စုမှူးမှ ခေါ်ယူသည့်အစည်းအဝေးသို့ ဒေသခံများ မတက်ရောက်ဟု ၎င်းတို့က ပြောသည်။

အဆိုပါ ကျေးရွာအုပ်စုထဲတွင်ရှိသည့် အသက် ၃၅ မှ ၆၅ နှစ်ရှိ အမျိုးသားများနှင့် ကျေးရွာလုံခြုံရေးဖွဲ့ရန် အမာခံ ၁၀ ဦး၊ အရံ ၂၀ ဦး ပါဝင်ဖွဲ့စည်းမည်ဖြစ်သည့်အတွက် အကြံပြုဆွေးနွေးရန် ကော့ဂွန်း (ဘား ကပ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ အစည်းဝေးခေါ်ခဲ့သော်လည်း တက်ရောက်မည့်သူမရှိ၍ အစည်းအဝေး မပြုလုပ်နိုင်ဖြစ်ခဲ့သည်။

“အစည်းဝေးမလာတက်ကြဘူး၊ ဘာဖြစ်လဲဆိုတော့ လုံခြုံရေးဖွဲ့တယ်ဆိုတာက စစ်သားလုပ်ရမှာလား ဘာလား မသေချာဘူး။ တကယ်လို့ဖွဲ့ရင် စစ်တိုက်ရရင်ဘယ်လိုဖြစ်လာမလဲမသိတော့ မသွားရဲကြဘူး။ ဒါပေမယ့် အစည်းအဝေး မဖြစ်ပေမယ့်လည်း ဒီဟာကိုဖွဲ့စည်းဖို့ အုပ်ချုပ်ရေးမှူးက ကတိပေး လက်မှတ်ထိုး ပြီးသွားပြီးဆိုတော့ မဖြစ်ဖြစ်အောင်တော့ လုပ်မှာဖြစ်တယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

ပြည်သူ့လုံခြုံရေးအကြောင်းပြကာ ဖွဲ့စည်းမည့်လုံခြုံရေးအဖွဲ့သည် စစ်ကောင်စီဘက်မှ ပြည်သူ့စစ်အဖွဲ့ ထဲသို့ ထည့်သွင်းရန်အတွက် သတင်းထွက်ရှိနေသောကြောင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု သိရသည်။

ထို့အပြင် သံလွင်အနောက်ဘက်ရှိ စစ်တပ်ပိုင် မြိုင်ကလေးဘိလပ်မြေစက်ရုံအနီးဝန်းကျင်ရှိ ကော့ဂွန်း (ဘားကပ်) ကျေးရွာအပြင် မြိုင်ကလေး၊ လှာကာ၊ ဇရပ်ဖြူစသည့် ကျေးရွာအုပ်စုများတွင်လည်း ပြည်သူ့လုံခြုံရေး အဖွဲ့ဖွဲ့စည်းရန် စစ်ကောင်စီဘက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားပြီး ရှိကြောင်းလည်း မြေပြင်သတင်းအရင်း အမြစ်ထံမှ သိရသည်။

အလားတူ ယခုလတွင်လည်း သံလွင်မြစ်အနောက်ဘက်ရှိ ကျေးရွာအချို့တွင် ယခင်ကတည်းက စစ် ကောင်စီ ဖွဲ့စည်းထားခဲ့သည့် ပြည်သူ့စစ်အချို့ လုံခြုံမှုအာမခံမရှိသောကြောင့် စစ်ကောင်စီတပ်ဆင် ပေးထားသည့် လက်နက်များကို ပြန်လည်အပ်နှံကြသလို ပြည်သူ့စစ်အဖြစ်မှ နုတ်ထွက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။