Home သတင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှမ်းမြောက်တွင် စစ်ရှောင်တစ်သိန်းကျော်ထိ ရှိလာ

လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှမ်းမြောက်တွင် စစ်ရှောင်တစ်သိန်းကျော်ထိ ရှိလာ

676
Photo- TNLA

ဩဂုတ်၂၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA၊ ထိန်းချုပ်ထားသည့် နေရာအများကို စစ်ကောင်စီမှ လေကြောင်းဖြင့်တကြော့ပြန် တိုက်ခိုက်ခြင်းကြောင့် စစ်ရှောင်ဦးရေ တစ်သိန်း ကျော်ထိရှိလာသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF တာဝန်ခံ ယိင်းလျန်းဟန်က ပြောသည်။

“ရှမ်းမြောက်ပိုင်းမှာဆို စစ်ဘေးရှောင်စုစုပေါင်း တစ်သိန်းကျော်အထိရှိနေပြီး။ ဒေသခံအများစုကလည်း အိမ်မပြန် ရဲကြသေးဘူး။ မြေမြှပ်မိုင်းတွေ ရှိနေသေးတဲ့ အတွက်ကြောင့်မို့လို့။ လူ့အခွင့်အရေးကို ရူ့ထောင့်ပေါင်းစုံကနေ ချိုးဖောက်ခံနေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့တွင် သီပေါမြို့ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း၊ ခလရ-၂၃ တပ်ရင်း အနီးရှိနာမုံ ရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့် ဒေသခံအမျိုးသားနှစ်ဦး သေဆုံး ခဲ့သည်ဟု TNLA ထုတ်ပြန် ထားသည်။

Photo- TNLA

ထို့အပြင် ပြီးခဲ့သည့်ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့တွင် သီပေါမြို့နယ်၊ နမ့်လန်သို့ စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်နှစ်လုံး ပျက်စီးသွားသည်။

စစ်ကောင်စီက တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် ဩဂုတ် တစ်ရက်နေ့မှ စတင်ပြီး ၁၉ ရက်နေ့အထိ စစ်ကောင်စီ၏ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူစုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သလို ၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။