Home သတင်း ရန်ကုန်အပါအဝင် မွန်နှင့်ကရင်ပြည်နယ်တွင် စက်သုံးဆီ ပြတ်လပ်နေဆဲ

ရန်ကုန်အပါအဝင် မွန်နှင့်ကရင်ပြည်နယ်တွင် စက်သုံးဆီ ပြတ်လပ်နေဆဲ

890
Photo- AP

ဩဂုတ် ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့အပါအဝင် မွန်နှင့်ကရင်ပြည်နယ် မြို့နယ်အချို့တို့တွင် ပြီးခဲ့သည့် ဇူလိုင်လကုန်မှစ၍ ယနေ့အထိ မော်တော်ယာဥ် စက်သုံးဆီ ပြတ်လပ်နေဆဲဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်များမှလည်း လိုသလောက်ဝယ်ယူ၍မရကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က စက်သုံးဆီဝယ်ယူပေးချေရန် လုပ်ငန်းရှင်များသို့ ဒေါ်လာရောင်းချပေးခြင်းမရှိသောကြောင့် ပြည်တွင်းဆီပြတ်လပ်မှုဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆီလုပ်ငန်းရှင်များမှ ဒေသသတင်းမီဒီယာအချို့သို့ ဖြေကြားချက်အရ သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့ရှိအရောင်းဆိုင်များတွင် စက်သုံး ဓာတ်ဆီနှင့်ဒီဇယ်ဆီများ ပြတ်လပ်သွားသည့်အပြင် ယခင်နှစ်များကကဲ့သို့ ဆီတန်းဝယ်ယူနေရသည့်အခြေအနေဖြစ်လာပြီး လိုသလောက် ဝယ်မရကြောင်း ရန်ကုန်မြို့နေ မော်တော်ယာဥ်မောင်းနှင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“Max ဆီဆိုင်ဆိုရင် အရင်က ဒီဇယ်ရော ဓာတ်ဆီရောရသေးတယ်။ အခုမရတော့ဘူး။ တချို့ဆိုင်တွေ ဆိုပိတ်ကိုထားတယ်။ တချို့ဆိုင်တွေက ဓာတ်ဆီ ၃ သောင်းဖိုးပဲရောင်းပေးတယ်၊ ဒီဇယ်ကတော့ ၅ သောင်းဖိုးရတယ်။ ရန်ကုန်ကဆီဆိုင်တိုင်းလိုလိုမှာ တန်းဆီဝယ်နေရတာ။ တန်းဆီပြီးမှ ဆီကုန်သွားတဲ့ဆိုင်တွေလည်းရှိတယ်။ ဆီတန်းဆီရတာနဲ့ပဲ အချိန်ကြာပြီး အဲဒီမှာတင် ဆီတစ်သောင်းဖိုးလောက်ကုန်နေပြီ။” ဟု အဆိုပါအမျိုးသားက ပြောသည်။

ရန်ကုန်မြို့၏ စက်သုံးဆီဈေးနှုန်းမှာ ဩဂုတ်လ (၂)ရက်‌နေ့အထိ ၉၅ ဓာတ်ဆီ တစ်လီတာလျှင် ၂,၈၅၉ ကျပ်၊ ၉၂ ဓာတ်ဆီ တစ်လီတာလျှင် ကျပ်ငွေ ၂,၇၇၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၂,၉၂၀ ကျပ် ပေါက်ဈေးရှိပြီး ယမန်နေ့ကထက် အနည်းငယ်မြင့်တက်သွားခြင်းဖြစ်သည်။

ထို့အတူ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင်လည်း စက်သုံးဆီပြတ်လပ်မှုကြောင့် ဩဂုတ်လ(၁)ရက်နေ့အထိ လက်ကျန်ရောင်းနေသောဆိုင်များ၏ဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၃,၀၈၀ကျပ်၊ ၉၅ တစ်လီတာ ၃,၀၁၀ကျပ်နှင့် ဒီဇယ် တစ်လီတာကို ၃,၀၈၀ ကျပ် အသီးသီး ဈေးမြင့်တက်သွားကြောင်း ဒေသတွင်းသတင်းအချို့က ဖော်ပြသည်။

ယနေ့တွင်မူ မော်လမြိုင်နှင့်ကျိုက်ထိုမြို့နယ် စက်သုံးဆီအရောင်းဆိုင်အချို့ အရောင်း လုံးဝပိတ်ထားလိုက်ခြင်း၊ အချို့က မော်တော်ဆိုင်ကယ်များအတွက် ကျပ်ငွေထောင်ဂဏန်းဖိုးခန့်သာ ရောင်းပေးခြင်းတို့ လုပ်ဆောင်နေသည်ဟု ကျိုက်ထိုမြို့ခံအမျိုးသားတစ်ဦးကလည်း ဆီပြတ်လပ်မှုအခြေနေကို ယခုလိုပြောသည်။

၎င်းက “တချို့ဆိုင်တွေက လုံးဝမရောင်းတာ တချို့ဆိုင်တွေက ဆိုင်ကယ်အတွက်ဆို ၃ထောင်ဖိုးပဲရတယ်။ ပုံးတွေနဲ့လည်းဝယ်လို့မရတော့ဘူး။ ကားတွေဆို ကိုယ်နဲ့သိတဲ့ဆိုင်တွေမှာ လိုက်ထည့်ရတယ်။ တချို့ဆိုင်တွေက တစ်နေ့လုံး ၁နာရီလောက်ပဲရောင်းပေးတာ။ မြို့ထဲမှာ ဆီကားတွေနဲ့ ပို့နေတာတွေရှိရဲ့သားနဲ့” ဟု ကေအိုင်စီသို့ ပြောသည်။

ရန်ကုန်နှင့်မွန်အပြင် ကရင်ပြည်နယ်အတွင်းတွင်လည်း စက်သုံးဆီပြတ်လပ်မှု ဖြစ်ပွားလျက်ရှိရာ ဖားအံမြို့ရှိ စက်သုံးဆီ‌အရောင်းဆိုင်များမှ အချို့မှာ တစ်နေ့တာအတွင်း နေ့တစ်ပိုင်းသာ ဆီရောင်းပေးခြင်း၊ အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိခြင်းတို့ တွေ့ကြုံနေရသည်ဟုလည်း မြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။

ဖားအံမြို့ခံအမျိုးသားတစ်ဦးက “ချောစု ဆိုင်ကတော့ မနေ့က ၉၂ ဖြည့်လို့ရတယ်။ ကျနော် ဒီနေ့ ညနေပိုင်းရောက်တော့ ၉၂ မရှိဘူးပြောတယ်။ ၉၅ ကျရတယ်၊ သူတစ်ဆိုင်တောင် ဆီမမှန်ရင် ကျန်တဲ့ဆိုင်တွေကပိုဆိုးလောက်မယ်” ဟု ၎င်းကြုံရသည့်အခြေအနေကို ပြောပြသည်။

အလားတူအခြေအနေမှာ အာဏာသိမ်းပြီး ၂၀၂၂ စက်တင်ဘာနှင့် ၂၀၂၃ ဒီဇင်ဘာတို့တွင်လည်း တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းကမူ ပြည်တွင်းသို့ အချိန်နှင့်တ ပြေးညီ စက်သုံးဆီများဖြန့်ဖြူးပေးလျက်ရှိရာ ဝယ်လိုအားမြင့်တက်၍ လမ်းခရီးကြန့်ကြာမှုကြောင့်သာ ယာယီဆီပြတ်တောက်မှုဖြစ်ရကြောင်း ဩဂုတ်လ(၁)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅,၀၀၀ အထက်သို့ ဆက်လက်မြင့်တက်နေချိန် စက်သုံးဆီ ရည်ညွှန်းစျေးကို ပြင်ပဒေါ်လာပေါက်စျေးထက်နည်းသော နှုန်းထားဖြင့် စစ်ကောင်စီက ရောင်းချခိုင်းထား၍ ဆီလုပ်ငန်းရှင်များက အကန့်အသတ်ဖြင့် ဆီထုတ်ရောင်းနေကြခြင်း ဖြစ်သည်ဟုလည်း ဒေသသတင်းမီဒီယာများအရ သိရသည်။