ဩဂုတ်လ ၃ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ နှင့် ကျိုက်မရောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ဒေါနတောင်ကျရေကြောင့် ဟောင်သရော၊အထ္ထရံ၊ဂျိုင်းမြစ် နှင့် ဇမိမြစ်များတွင် မြစ်ရေလျှံမှုကြောင့် ကျေးရွာခြင်ဆက်လမ်းများနှင့် ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး နှင့် မော်လမြိုင်လမ်းမကြီးများ ရေကြီးရေလျှံနေ၍ ထိုင်းကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း ဒေသခံ ကုန်ကားသမားများထံမှ သိရသည်။
“မိုးကမရပ်ဘူးလေး။ ရွာနေတာ ၁၀ ရက်လောက်ကျော်လာပြီး။ ရေက ပြန်ကျမလို နဲ့ ရေတန့်နေတယ်။ ပြီးရင် မိုးကကြီးပြန်တော့ လမ်းတွေပေါ်မှာ ရေကခါးကျော်၊ပေါင်ကျော်ဆိုတော့ ဖြတ်မောင်းဖို့ မလွယ်ဘူး။ ချောင်းရေ မြောင်းရေကျော်တာက ဖြတ်မောင်းလို့ရတယ်။ အခုက ရေပြင်ကျယ်ကြီးလို ရေလွှမ်းနေတာဆိုတော့ လမ်းချော် ပြီး မြုတ်တာ မျောတာဆို ကုန်ဖိုးလည်း လျှော်ရ ကားလည်းပြင်ရနဲ့ မလွယ်ဘူးလေ။ ကုန်တွေ ကားတွေ ရေကျ အောင်စောင့်နေရတယ်” ဟု ဘုရားသုံးဆူ ရှိ ကုန်ကားယာဉ်မောင်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကျိုက်မရောမြို့ နှင့် မုဒုံ မြို့နယ်အပိုင် ကျေးရွာများဘက်အထိ ရေကြီးရေလွှမ်း နေသောကြောင့် ဒေသ တွင်း သွားလာမှုအတွက် လှေနှင့်သာ သွားလာနေကြရပြီး ရေဘေးသင့် ကျေးရွာများတွင်လည်း စားသာက်စရာ ရိက္ခာများ ပြတ်လပ်နေကြောင်း ရေဘေးကြုံနေရသည့် ဖားပေါင်ရွာ ဒေသခံကပြောသည်။
” ရေက ခါတိုင်းရေကြီးလာရင် အိမ်အောက်တွေလောက်ဘဲရေမြုပ်တာ။ အိမ်ပေါ် နေလို့ရတယ်။ အခုက ဖား ပေါင်ဘုရားဂူကြီးထဲပါ ရေရောက်တယ်။ အိမ်တွေ ခေါင်အထိရေတက်လာတယ်။ မုဒုံဘက်လည်း၊ စက်လှေနဲ့ ဘဲ သွားလို့ရတော့တယ်။ ခြံတွေ၊ လမ်းတွေ ရွာတွေ အကုန်မြုပ်ဘဲ။ ရေဘေး ဖြစ်နေတော့ စားသာက်စရာက ရွာက အိမ်ဆိုင်တွေကုန်ပြီးလေ။ ရေဘေးလှူတဲ့သူတွေက ရွာဘက်တွေ မလာတော့ စားစရာခက်ခဲတယ်” ဟု ဖားပေါင် ရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ အချိန်အထိ ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ကော့ကရိတ် နှင့် ကျိုက်ဒုံ မြို့ များတွင် မိုးဆက်လက် ရွာသွန်းမှုကြောင့် တောင်ကျရေ ဆက်လက်စီးဝင်နေ၍ မြစ်ချောင်းများ ဆက်လက် ရေကြီးရေလျှံနေကာ မိုးလေဝသဌာန ထုတ်ပြန်ချက်များအရ မိုးဆက်လက်ရွာသွန်း နိုင်သေးသလို စိုးရိမ်ရေအမှတ်အထက်တွင်ရှိနေမည်ဖြစ်ကြောင်း သိရသည်။



















