ဩဂုတ် ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှ နုတ်ထွက်ပြေးပြီးနောက် ကြားဖြတ်အစိုးရ ဖြစ်လာ သည့် နိုဘယ်ဆုရှင် ဒေါက်တာမူဟမ္မဒ်ယူနွတ်စ် ဦးဆောင်အကြံပေးတာဝန်ခံများအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့၏ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးလှုပ်ရှားမှုအပေါ် ပံ့ပိုးပေးရန် တော်လှန်အရပ်ဘက်အဖွဲ့(၂၅၅)ဖွဲ့က တောင်းဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ယမန်နေ့ ဩဂုတ်လ(၁၆) ရက်နေ့က ပေးပို့သည့်သဝဏ်လွှာတွင် တော်လှန်ရေးအင်အားစုနှင့် အရပ်ဘက် အဖွဲ့များပါဝင်သည့် (၂၅၅)ဖွဲ့က ထိုသို့ ဆန္ဒပြုတောင်းဆိုထားခြင်းလည်း ဖြစ်သည်။
ကြားဖြတ်အစိုးရပြီးနောက် ပေါ်ပေါက်လာမည့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်ပြည်သူများအနေဖြင့် လက်ရှိ မြန်မာပြည်တွင် အာဏာရှင်စနစ်ဟူသမျှအမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးအတွက် လုပ်ဆောင်နေကြသည့် မြန်မာပြည်သူများဘက်မှ ပြည့်ပြည့်ဝဝထောက်ခံမည်ဟု ယုံကြည်ကြောင်း (၂၅၅)ဖွဲ့က သဝဏ်လွှာတွင် ဖော်ပြသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေရသည့် ရိုဟင်ဂျာများကို လူသားချင်းစာနာမှုဖြင့် ကူညီ ထောက်ပံ့ပေးနေသည့် တာဝန်ရှိသူ၊ ဘင်္ဂလားဒေ့ရှ်ပြည်သူများကို ကျေးဇူးတင်ကြောင်း၊ လာမည့် အစိုးရအနေဖြင့် ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ NUG အပါအဝင် အာရက္ခတပ်တော်-AA မှ တာဝန်ရှိ သူများနှင့် ပူးပေါင်းဖြေရှင်းနိုင်ရန် ယုံကြည်ကြောင်းလည်း (၂၅၅)ဖွဲ့က ဆိုသည်။
ဘင်္ဂလားဒေ့ရှ် ကျောင်းသားပြည်သူများ၊ အင်အားစုများရည်မှန်းသည့် လက်နက်ကိုင်အဖွဲ့များက အရပ်သားအစိုးရကိုတာဝန်ခံပြီး ဒီမိုကရေစီနှင့်လူ့အခွင့်ရေးအာမခံချက်ရှိသည့် နိုင်ငံရေးစနစ် ပေါ်ပေါက်အားကောင်းစေရေးသည် မြန်မာပြည်သူများ၏ ရည်ရွယ်ချက်ပန်းတိုင်နှင့် ထပ်တူဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်လူထု၏ ကြိုးစားမှုရလဒ်အပေါ် မိမိတို့အနေဖြင့် ဂုဏ်ယူကြောင်းလည်း ဖော်ပြပါရှိသည်။

ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေး တောင်းဆို လှုပ်ရှားမှုကာလအတွင်း အာဏာရှင်၏အကြမ်းဖက်နှိပ်စက်ခံခဲ့ရသူများအတွက် တရားမျှ တမှုပြန်လည်တောင်းဆိုမည့် လှုပ်ရှားမှုများ အောင်မြင်ပါစေကြောင်း တော်လှန်၊ အရပ် ဘက်အဖွဲ့(၂၅၅)ဖွဲ့က သဝဏ်လွှာတွင် ထည့်သွင်းဆန္ဒပြုထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ်တာဝန်ယူထားသည့် (၁၅)နှစ်တာအတွင်း လူ့အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ နိုင်ငံသားအခွင့်အရေးတို့ကို ကျူးလွန်ခဲ့သည့် ရှိတ်ခ်ဟာစီနာအား ပြည်သူများက ဇူလိုင်လ(၄)ရက်နေ့မှ စ၍ ဆန္ဒပြခဲ့ကြရာမှစ၍ အဓိကရုဏ်းအသွင် ဖြစ်ပွားခဲ့သည်။
ထို့နောက် ဆန္ဒပြပြည်သူများကိုပစ်ခတ်ဖြိုခွင်းရန် စစ်တပ်အကြီးအကဲများအား ရှိတ်ခ်ဟာစီနာက တာဝန်ပေးခဲ့သော်လည်း ငြင်းဆန်သဖြင့် ဩဂုတ်လ(၅)ရက်နေ့တွင် ရာထူးမှနုတ်ထွက်ပြေးခဲ့ရပြီးနောက် ဆန္ဒပြမှုများ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအပြောင်းအလဲအပေါ် ဂုဏ်ပြုကြောင်း ပေးပို့သည့်သဝဏ်လွှာတွင် Arkan CSO Network, All Arkan Youth Organizations Network စသည့် ရခိုင်အရပ်ဘက်အဖွဲ့များအပြင် အခြားတိုင်းရင်းသားအဖွဲ့များ၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၊ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု(GSCN) စသည်ဖြင့် အဖွဲ့ပေါင်း(၂၅၅)ဖွဲ့က လက်မှတ်ရေးထိုးထားကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။



















