ဩဂုတ် ၁၇ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD (ဗဟို)မှ ဦးဆောင်ပြီး ယခု ဝါခေါင်လအတွင်းကျရောက်သည့် ကရင့်ရိုးရာ ချည်ဖြူထုံးဖွဲ့ခြင်း(ကရင့်ရိုးရာလက်ချည်ပွဲ)ကို ဖား အံခရိုင် အတွင်းရှိ KECD ပညာရေးဌာနတွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။
KECD ၏ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များတွင် ၃ နှစ်တာ ကာလအတွင်း ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန် ပါဝင်သောကြောင့် ယခုလို အကောင်အထည်ဖော်ဆောင်ရွက်မှုများကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း KECD ဌာနအတွင်းရေးမှူး စောအယ်ကလူထူးက ယခုလိုပြောသည်။
“ကျနော်တို့ဌာန အနေနဲ့ Strategy ချမှတ်ထားတာက ၃ နှစ်တာအတွင်းမှာ ယဉ်ကျေးမှုကို မြှင့်တင်ရင်း အနာဂတ် မှာ ပိုပြီးတော့တိုးတက်မြှင့်တက်လာဖို့ ပန်းတိုင် ချမှတ်ထားတာရှိတယ်။ ပြီးတော့ ကေအဲန် ယူရဲ့ ၁၇ ကြိမ် မြောက် ကွန်ဂရက်ပြီးတဲ့နောက်ပိုင်း KECD ကို ဒီ ပညာရေး နဲ့ ယဉ်ကျေးမှု ရေးရာအတွက် တာဝန်ပေးအပ်ထားတာမျိုးလည်းရှိတယ်။ ဒီနှစ်ကတော့ ပထမဦးဆုံးအကြိမ်လုပ်တာပေါ့၊ ဒါပေမဲ့ ကျနော်တို့ မျှော်မှန်း ထားတဲ့ အတိုင်းတော့ မရောက်သေးဘူးပေါ့” ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် ယခုလို ပြုလုပ်သည့် လက်ချည်ပွဲနှင့် အိမ်တွင်း ပြုလုပ်သည့် ရိုးရာ လိပ်ပြာခေါ်ခြင်းမှ ကွဲပြားသလို ဘာသာရေး အယူအဆတစ်ခု မဟုတ်ဘဲ အမျိုးသားရေးလက္ခဏာတစ်ရပ်အနေဖြင့် ဖော်ထုတ်ပြသရခြင်းဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု အမှတ်သင်္ကေတအနေဖြင့် အနာဂတ်တွင် အတူတကွ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်သွားရန်လည်း တိုက်တွန်းလိုကြောင်း စောအယ်လူထူးက ဆက်ပြောသည်။
ယနေ့ ပြုလုပ်သည့် အစီအစဉ်တွင် ကေအဲန်ယူ ဗဟိုကော်မတီဝင်ခေါင်းဆောင်အချို့ ပါဝင် တက်ရောက်ပြီး ရိုးရာ လက်ချည်ပွဲသည် ဘာသာရေးနှင့် မသက်ဆိုင်သည့် အကြောင်းအချက်များကို ရှင်းလင်း ပြောဆို တိုက်တွန်း အားပေး ပြောဆိုကြသလို လက်ချည်ပွဲ ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းနောက်ခံ အကြောင်းအရာများကိုလည်း ပြောဆိုရှင်းလင်းရင်း လက်ချည်ပေးသည့် အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။
ကရင်လူမျိုးများသည် မတူကွဲပြားသည့် လူမျိုးစုများနှင့် နေရာဒေသကွဲပြား နေထိုင်မှု၊ ယုံကြည်ကိုးကွယ်မှု မတူညီမှုများကြောင့် ရိုးရာလက်ချည်ပွဲကို ခရစ်ယာန် ဘာသာသက် ဝင်ယုံကြည်သူအချို့က ဗုဒ္ဓဘာသာ၏ ဘာသာရေး အယူအဆ အဖြင့် ထင်မြင်ယူဆကြသူများရှိသောကြောင့် ယခုလို ရှင်းလင်းမှုများ ပြုလုပ်ကြ ရခြင်းဖြစ်သည်။

ဝါခေါင်လအတွင်း အလုပ်သိမ်း အနားယူချိန် မျိုးနွယ်စု အားလုံးပါဝင်ကာ ယခုလို တွေ့ဆုံ၍ လက် ချည်ပွဲများ ပြုလုပ်ရခြင်းသည့် စည်းလုံးညီညွတ်မှု အသွင်ကို ဖော်ဆောင်နေခြင်းကြောင့် ယခုလို အစီအစဉ်မျိုးများသည် ကရင်လူမျိုးအတွက် အလွန်အရေးကြီးကြောင်း ယနေ့ အခမ်းအနားကို ပါဝင်တက်ရောက်လာသည့် ကရင်လူငယ်အမျိုးသမီး နန်းခိုင်ချိုဦးက ယခုလိုပြောသည်။
“လူငယ်တွေ အနေနဲ့ ဒီလက်ချည်ပွဲလုပ်တယ်ဆိုတာ ဘာသာရေးနဲ့ လုံးဝမသက်ဆိုင်ဘူးဆိုတာကိုတော့ နားလည် ထားသင့်တယ်။ အနာဂတ် ကရင်မျိုးဆက်သစ် လူငယ်တွေအတွက် ဒါဟာ ကရင့်ရိုး ရာယဉ်ကျေးမှုတစ်ရပ်ဖြစ် တယ်ဆိုတာကို သိရှိနိုင်ဖို့ ကျမတို့ လက်ရှိ လူငယ်မှာ တာဝန်ရှိသလို ခွဲခြားမှု မရှိဖို့ နဲ့ ကရင်လူမျိုးအားလုံးကို ပြန်လည်စုစည်းနိုင်ဖို့အတွက် ဒါကို ပါဝင်လုပ်ဆောင်ဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
ယခု ဝါခေါင်လဆန်းပိုင်းမှ စ၍ ဒေသ အသီးသီးမှ ကရင်လူမျိုးများ၊ ပြည်ပ နိုင်ငံရောက် ကရင်အမျိုးသားများ အနေဖြင့် စုပေါင်း ရိုးရာ လက်ချည်ပွဲကို ကြိုတင်၍ ပုံစံအမျိုးအမျိုးဖြင့် ပြုလုပ်နေကြသလို ဝါခေါင် လပြည့်နေ့တွင် အဓိက ပြုလုပ်ကြသူများလည်းရှိပြီး ဝါခေါင်လ တစ်လလုံးအတွင်း ပြုလုပ်နိုင်ကြောင်းလည်း သိရှိ ရသည်။
ကရင့်ရိုးရာ လက်ချည်ပွဲပြုလုပ်ရာတွင် သက်ကြီးရွယ်အို ဖိုးဖွား မိဘများက လူငယ်အမျိုးသမီး အမျိုးသားများကို လိပ်ပြာခေါ်၍ ပါဝင် ပစ္စည်း (၇) မျိုးဖြင့် ချည်ဖြူထုံးဖွဲ့ လက်ချည်ပေးခြင်းဖြစ်သည်။
ထို့အပြင် ပါဝင် ပစ္စည်း (၇) မျိုးဖြစ်သည့် ထမင်းဆုပ် (၇) ဆုပ်၊ ကောက်ညှင်းထုပ်(၇)ထုပ်၊ ငှက်ပျော သီး ၇ လုံး၊ ကြံ ၇ ခြမ်း၊ ချည်ဖြူ (၇)မျှင်၊ ပန်းညို(နတ်ပန်းညို) ၇ ခက်နှင့် ရေတစ်ခွက်ကို ဆန်ကောထဲတွင် ထည့် ရခြင်းဖြစ်သည်။ အဆိုပါ ပစ္စည်း တစ်မျိုးစီတွင် အဓိပ္ပာယ်တစ်ခုစီပါဝင်ကာ အဓိက အားဖြင့် စည်းလုံး ညီညွတ်မှုကို အမှတ်အသားပြုခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။



















