Home သတင်း ဗုံးကြဲခံရ၍ နန့်ဆန်မြို့ပေါ်နေထိုင်သူများ နီးစပ်ရာသို့ ရှောင်တိမ်း

ဗုံးကြဲခံရ၍ နန့်ဆန်မြို့ပေါ်နေထိုင်သူများ နီးစပ်ရာသို့ ရှောင်တိမ်း

660
Photo: TNLA

ဩဂုတ် ၁၃ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တအာင်းတပ် ထိန်းချုပ်ထားသည့် နန့်ဆန်မြို့ပေါ်သို့ ဩဂုတ် ၁၂ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ တစ်ဦးသေဆုံးသွားသလို မြို့ပေါ်နေထိုင်သူများ နီးစပ်ရာသို့ ရှောင်တိမ်းနေထိုင် လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တညလုံးလေယာဉ်တွေဝဲတယ်။ မနက် ၅ နာရီ ခွဲအထိ။ မြို့ကလူတွေ တော်တော်များများကတော့ ရှောင်ကုန် ကြပြီး။ သူတို့စိတ်ချရတဲ့ နေရာအများစု ကိုရှောင်ကြတယ်။ မြို့ထဲပြန်နေကြတာ မကြာသေးတဲ့သူတွေလည်း ကြောက်စိတ်နဲ့ နောက်တစ်ခေါက်ပြန်ပြီး လေယာဉ်လာကြဲမှာကို ကြောက်လို့ စစ်ဘေးထက်ရှောင် နေကြရ တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နယ်မြေအများစုကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခြင်းကြောင့် ဒေသခံများ ယခုလို စစ်ဘေးပြန်လည် တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

ဩဂုတ် ၁၂ ရက်နေ့ ညပိုင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊မြို့လယ်ရပ်ကွက်ရှိEPC ရုံးအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၀ အရွယ်ရုံးဝန် တစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များထိခိုက် ပျက်စီးသွားပြီး ထိုအနီးဝန်းကျင်ရှိ မြိုမဂိုဏ်ချုပ်ကျောင်း နှင့် ဒေသခံနေအိမ် အဆောက်အဦး ၅ လုံး ထိခိုက်ပျက်စီးသွားသည်ဟု TNLA က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၆ တအာင်းတပ် ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးကြဲ ခဲ့ရာ ၆ ဦး သေဆုံး ပြီး ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။