သြဂုတ်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ယခုလဆန်းပိုင်းက ရေကြီးရေလျှံ၍ လယ်ယာမြေများ ရေနစ်မြှုပ်ပြီး စပါးပင်များ သေဆုံးပျက်စီးနေကြောင်း လယ်သမားများက ပြောသည်။
ကော့ကရိတ်မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လယ်မြေများ ရေနစ်မြှုပ်လျက်ရှိပြီး မြေနိမ့်ပိုင်းရှိ လယ်မြေများ တွင် စိုက်ပျိုးထားသော စပါးပင်များအားလုံး သေဆုံးပျက်စီးသွားကြောင်း လယ်သမားတစ်ဦးက ယခုလို ပြောသည်။
၎င်းက”ဒီနှစ်လည်းရေတော်တော်ကြီးတော့ စပါးခင်းတော်တော်များများရေနစ်မြှုပ်တယ်။ မြေနိမ့်ပိုင်းက လယ်ခင်းတွေက ရေမြှုပ်တာ ရက်ကြာတော့ စပါးပင်အားလုံး သေဆုံးပျက်စီးကုန်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လတ်တလော နယ်မြေမအေးချမ်းမှုနှင့် ကုန်စျေးနှုန်းများမြင့်တက်မှုတို့ကြောင့် ကော့ကရိတ်ဒေသခံ

ပြည်သူများသည် အကျပ်အတည်းအမျိုးမျိုးနှင့်ရင်ဆိုင်ဖြတ်သန်းနေရပြီး လယ်ခင်းများပျက်စီးဆုံးရှုံးသွားသည့် လယ်သမားများမှာ ကူညီထောက်ပံ့မှုများ ရရှိရန် မျှော်လင့်နေကြသည်ဟု သိရသည်။
“ကုန်စျေးနှုန်းတွေအားလုံးက အဆမတန်ကြီးမားနေတယ်။ လုပ်စားကိုင်စားရတာလည်း အဆင်မပြေတော့ အခုလိုစပါးခင်းတွေ ပျက်စီးသွားတဲ့လယ်သမားတွေ ကူညီထောက်ပံ့မှုရရှိဖို့ မျှော်လင့်နေကြတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထိုအပြင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် စပါးခင်းများစာရင်းနှင့် ဓာတ်ပုံမှတ်တမ်းများ ယူထားရန် ညွှန်ကြားထားပြီး ထောက်ပံ့ပေးမည့်အစီအစဉ်ကို အတိအကျမပြောနိုင်သေးကြောင်း ကရင်အမျိုး သားအစည်းအရုံး -ကေအဲန်ယူ ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများက ပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ လယ်မြေများ ရေနစ်မြှုပ်နေသကဲ့သို့ ကရင်ပြည်နယ်ရှိ အခြားမြို့နယ်များလည်း အလားတူ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိသည်ဟု သိရသည်။



















