Home သတင်း အမျိုးသား အာဇာနည် အားလုံးကို ဂုဏ်ပြုကြပါစို့ – အယ်ဒီတာ့ အာဘော်

အမျိုးသား အာဇာနည် အားလုံးကို ဂုဏ်ပြုကြပါစို့ – အယ်ဒီတာ့ အာဘော်

604

အယ်ဒီတာ့ အာဘော်

အမျိုးသား အာဇာနည် အားလုံးကို ဂုဏ်ပြုကြပါစို့

ဩဂုတ် ၁၁၊ ၂၀၂၄ ခုနှစ်

ယခု ဩဂုတ် ၁၂ရက်နေ့သည် ၇၄နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်သည်။ ကရင်တို့အတွက် တန်းတူအခွင့်အ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေး၊ ကရင့်နိုင်ငံ‌ရေးနှင့် တော်လှန်‌ရေးအတွက် ကိုယ်ကျိုးစွန့် အသက်စွန့် တာဝန်ထမ်းဆောင်ခဲ့သူ စောဘဦးကြီးကို ကရင့်အာဇာနည်ပုဂ္ဂိုလ်အဖြစ် ကရင်ပြည်သူလူထုက သတ်မှတ်ထားကြသည်။

စင်စစ်အာဇာနည်ဟူသည် အများပြည်သူအကျိုးအတွက် အမှန်တရားဘက်မှ ရပ်တည်ကာ ကိုယ်ကျိုးစွန့်၊ ပေးဆပ် အနစ်နာခံကာ မတရားမှုများကို အသက်စွန့်တော်လှန်ခဲ့သူများ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံတိုင်း၊ လူမျိုးစု တိုင်းတွင် အာဇာနည်များ သူနည်းသူဟန်ရှိကြမည်သာဖြစ်သည်။ အာဇာနည်တို့ကို ဂုဏ်ပြုသည့် လိုတိုရှင်း စကားပုံရှိသည်။ ထိုစကားပုံမှာ “အာဇာနည်မျိုး သေရိုးမရှိ” ဟူ‌၍ ဖြစ်သည်။ ဆိုလိုသည်မှာ အာဇာနည်တို့ မည်သည် သေဆုံးသွား‌သော်ငြား အမည်နာမနှင့်ဂုဏ် သေဆုံးသွားရိုး ထုံးစံမရှိဘဲ သမိုင်းတွင်ကျန်ရစ်ခဲ့မည် ကို ဆိုလိုခြင်းဖြစ်သည်။

ကရင်အမျိုးသား အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီးသည်လည်း ကရင်တို့အတွက် အသက်စွန့်သွားသည်မှာ ၇၄ နှစ် တိုင်ခဲ့ပြီး သူသည် ရန်သူကို အရှုံးမပေးဘဲ ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့သည်။ ထိုအချိန်က ရန်သူသည် စောဘဦးကြီးအား အာဇာနည်အဖြစ် ဂုဏ်ပြုမည်ကို မလိုလားသည့်အတွက် ရုပ်အလောင်းကိုပင် မုတ္တမပင် လယ်ထဲ သွားသင်္ဂြိုလ်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ သို့သော် အာဇာနည်ဟူသည် သေမျိုးမဟုတ်ပါလော။ ကရင် တို့၏ရင်ထဲတွင် အာဇာနည်အဖြစ် စွဲထင်ကျန်ရစ်မြဲသာ။

ယခုလို အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီးကို ဂုဏ်ပြုသည့်နည်းတူ အထူးပြောလိုသည်မှာ ကရင့်တော်လှန်ရေး နှစ် ၇၀ကျော်အတွင်း အသက်၊ သွေး ချွေး၊ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုသော်လည်းကောင်း ပေးဆပ်စွန့် လွှတ်ခဲ့သူ အာဇာနည်များစွာရှိသည်ကို သတိမူကြစေလိုသည်။

ကရင်တို့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကရင့်ကံကြမ္မာ ကရင်တို့ လွတ်လပ်စွာဖန်တီးခွင့် စသည်တို့အ တွက် ဖိနှိပ်ခံနေရမှုမှ လွတ်မြောက်ရန် အာဏာရှင်ဟူသမျှကို တော်လှန်ခဲ့ရသည်။ လူ့သမိုင်းတစ်လျောက် တွင်လည်း တော်လှန်ရေးသည်သာ ဖိနှိပ်ခံဘဝမှ လွတ်မြောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ် ကြောင်း သမိုင်းဖြစ်ရပ်များက သက်သေထူခဲ့ပြီးဖြစ်သည်။

ဥပမာ- လူအချင်းချင်းကျွန်ပြုသည့် မြေရှင်ပဒေသရာဇ်တို့ကို တော်လှန်ခဲ့ရသလို၊ ဘယ်သူသေသေ ငတေမာ ရင် ပြီးရောဆိုသည့် ကိုယ်ကျိုး၊ အတ္တကိုသာ ကြည့်သူအာဏာရှင်များကိုလည်း တော်လှန်ခဲ့ရသည့် ဖြစ်ရပ် များစွာရှိသည်။ ထိုသို့ အာဏာရှင်ကို တော်လှန်ဖယ်ရှားရှင်းလင်းပြီးမှ တိုးတက်သွားသည့် တိုင်းပြည်များစွာ ရှိသည်။ အနီးစပ်ဆုံး အာဆီယံဒေသ၌ပင် တွေ့နိုင်သည်။

မိမိတို့ ကရင်တို့သည်လည်း နှစ် ၇၀ကျော် တော်လှန်ရေးကာလအတွင်း အသက်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်း များ ပေးလှူခဲ့သည့် အညတရ အာဇာနည်များကို ပတ်ဝန်းကျင်တွင် များစွာတွေ့နိုင်သည်။ ထိုသူတို့၏ စွန့်လွှတ် အနစ်နာခံမှုကို အသိအမှတ်ပြု၊ ဂုဏ်ပြုရမည်ဖြစ်သလို ခန္ဓာကိုယ်အစိတ်အပိုင်းပေးလှူပြီး ရှင်ကျန် ရစ်သူများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဘဝရပ်တည်နိုင်အောင် လုပ်ဆောင်ပေးရေးမှာ ကရင်တစ်မျိုးသားလုံး ၏တာဝန်ဟု ပြောလိုပါသည်။

လက်ရှိတိုင်းပြည်တွင် စစ်အာဏာရှင်ကို ကရင်တို့ အပါအဝင် တစ်နိုင်ငံလုံးက တော်လှန်နေချိန်ဖြစ်သည်။ တော်လှန်ရေးဆိုသည်မှာ အပြောလွယ်သလောက် လုပ်ရခက်သည်။ တော်လှန်ရေးရဲဘော်တစ်ဦး ရှေ့တန်း စစ်မျက်နှာတွင် အချိန်မရွေး အသက်သေဆုံးနိုင်သလို ခန္ဓာအစိတ်အပိုင်းများ ဆုံးရှုံးသွားနိုင်သည်မှာ အားလုံး အသိဖြစ်သည်။ ထို့အတွက် တော်လှန်ရေးရဲဘော်အားလုံးတို့၏ ရဲရင့်ပြီး စွန့်လွှတ် အနစ်နာခံ ပေးဆပ်သည့် စိတ်ကို လေးစား ဂုဏ်ပြုရမည်မှာ မုချဧကန် မဟုတ်ပါလော။

အနှစ်ချုပ်ပြောလိုသည်မှာ ယခု ၇၄နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့တွင် အမျိုးသားအာဇာနည် ခေါင်းဆောင်ပုဂ္ဂိုလ် ကော်ခိုစောဘဦးကြီးကို အောက်မေ့ ဦးညွှတ်ဂုဏ်ပြုသလို နှစ်ပေါင်း ၇၀ကျော် တော်လှန်ရေးခရီးတွင် အသက်စွန့်သွားသူ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း စွန့်လွတ်ခဲ့သူ အမျိုးသားအာဇာနည်တို့ ကိုလည်း ဦးညွှတ်အလေးပြုရပေမည်။ အလားတူ လက်ရှိပြည်သူ့ တော်လှန်ရေးကာလအတွင်း နိုင်ငံတစ်ဝှမ်း လုံး၏ နယ်မြေဒေသအသီးသီး၌ ကိုယ်ကျိုးစွန့်ကာ တာဝန်ထမ်းဆောင်နေကြသူ ခေါင်းဆောင်များ၊ ရဲဘော် များနှင့် ရဟန်းရှင်လူ၊ အမျိုးသမီးအမျိုးသားများကိုလည်း ဦးညွှတ်အလေးပြုကြပါစို့ဟု တိုက်တွန်းလိုပါသည်။