Home ဆောင်းပါး ကိုင်းစိုက်တောင်သူ၏ ရှေ့ဆက်ရမည့်ခရီး….

ကိုင်းစိုက်တောင်သူ၏ ရှေ့ဆက်ရမည့်ခရီး….

684
Photo: CJ

ကိုင်းစိုက်တောင်သူ၏ ရှေ့ဆက်ရမည့်ခရီး….

(ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်) ကေအိုင်စီ

“မိရိုးဖလာအလုပ်မို့လို့သာ လုပ်ရတာ စားဖို့သောက်ဖို့ထက် နည်းနည်း ပိုတာလေးတော့ ရောင်းရတာပေါ့။ စီးပွားဖြစ် လုပ်တဲ့သူကတော့ သိပ်မရှိတော့ဘူး” ဟု ဘိုးဘွားအစဉ်အဆက် ကိုင်းလုပ်ငန်းလုပ်ကိုင်စိုက်ပျိုးလာသူ အသက် ၅၀ အရွယ်ဒေါ်ရီရီက ပြောပါသည်။

ဒေါ်ရီရီသည် မိုးထောင်၊ အိန္ဒိယငရုပ်ပင် စိုက်သည့် အလုပ်ကို မိရိုးဖလာ ဘိုးဘွားစဉ်ဆက်စိုက်ပျိုးလာသည်မှာ နှစ် ၃၀ ကျော်ကြာပြီ ဖြစ်သည်။ စီးပွားဖြစ်စိုက်ပျိုးခဲ့သည့် နှစ်တိုင်းတွင် ယခုနှစ်လောက် အရှုံမပေါ်ခဲ့ဖူးပေ။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်က မိုးထောင်၊ အိန္ဒိယငရုပ်သီး ပေါက်ဈေးမှာ အချိန်တစ်ရာကို ကျပ်ဆယ်သိန်းအထက် ဈေး ကောင်းရခဲ့သော်လည်း ယခုနှစ်တွင်တော့ ထက်ဝက်တောင် မရတော့သည့် အခြေအနေကို ဒေါ်ရီရီတို့ တောင်သူများ ရင်ဆိုင်နေရသည်။

ယခုနှစ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေး သိသိသာသာ ထိုးကျလာသည့်နောက် ကုန်ဈေးနှုန်း တက်ခြင်းနှင့် ငွေကြေးဖောင်းပွမှုဒဏ်ကို ရင်ဆိုင်နေရသောကြောင့် ကိုင်းစိုက်တောင်သူတို့အတွက် ထင်သလောက် အဆင်မပြေကြချေ။

“အရင်နှစ်က အဆင်ပြေတယ်လေ၊ ဈေးက မြင့်တော့ တောင်သူတွေ အဆင်ပြေတယ်၊ ကိုင်းသမားတွေ အဆင်ပြေ တယ်။ အချိန်တစ်ရာကို ၁၅ သိန်း (ကျပ်) အထိ ရောက်တယ်။ ဒီနှစ်အဖို့မှာတော့ အချိန်တစ်ရာကို လေးသိန်း၊ သုံးသိန်းခွဲလောက်ပဲ ရှိတော့တယ်။ ငရုပ်ဈေးကကျဆင်းနေတော့ ကိုင်းသမားတွေက အဆင်မပြေဘူးလေ၊ ရှုံးတယ်” ဟု ကိုင်းစိုက်တောင်သူ အသက် ၅၀အရွယ် ဒေါ်ရီရီက ပြောသည်။

ဒေါ်ရီရီတို့ ငရုပ်သီးစိုက်ခင်းများမှာ ပန်းတနော်မြို့တွင် ရှိပြီး ထိုဒေသရှိ ကိုင်းစိုက်တောင်သူများ အဓိက လုပ်ကိုင် နေသော လုပ်ငန်းတခုလည်းဖြစ်သည်။ မြန်မာနိုင်ငံထဲရှိ တိုင်းရင်းသားလူမျိုးတို့၏ ဟင်းလျာထဲတွင် ငရုပ်သီးသည် မပါမဖြစ် ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများတွင်လည်း တွင်တွင်ကျယ်ကျယ် ထည့်သွင်းချက်ပြုတ်ကြသောကြောင့် ပြည်ပပို့ကုန်တစ်ခုအဖြစ် နိုင်ငံခြားဝင်ငွေ ရရှိလေ့ရှိသည်။

သို့သော် ယခုနှစ်အတွင်း ရာသီဥတုဒဏ်၊ နိုင်ငံတွင်း ပြည်တွင်းစစ်များ ဖြစ်ပွားမှုကြောင့် လမ်းခရီးပိတ်ဆို့မှုများ ရှိလာကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရသည်။

ငရုပ်သီးစိုက်တောင်သူများအနေဖြင့်လည်း ငရုပ်ပေါ်ချိန်တွင် ကုန်သည်များကို တဆင့်ရောင်းချကြရပြီး ယခုနှစ်တွင် တင်ပို့ရောင်းချရန် လမ်းခရီးသွားလာမှုအခက်အခဲများရှိခဲ့သည်။ ထို့ကြောင့် အဝယ်ကုန်သည်များ နည်းပြီး ဈေးအဆမတန် အနှိမ်ခံရကာ တချို့တောင်သူများမှာမူ ဆက်လက်သိုလှောင်ထားသည်များ လုပ်ဆောင်နေကြရသည်။

တချို့တောင်သူများမှာ သိုလှောင်ထားပြီး ဈေးတက်လာရန် မျှော်လင့်ချက်ဖြင့် စောင့်စားနေကြရင်း သိုလှောင်ငရုပ်သီးများမှာ ပျက်စီးသွားခြင်း၊ မှိုတက်သွားခြင်း၊ ကြွက်များ ဖျက်ဆီး၍ ရောင်းမရတော့သည့် အခြေအနေများကို ကြုံကြရသည်။

ထို့ကြောင့် ဒေါ်ရီရီကတော့ မသိုလှောင်ထားဘဲ အဝယ်ကုန်သည်များထံ ဈေးနှိမ်ခံ၍သာ ရောင်းချလိုက်ရသည်။

ထို့အပြင် ယခုနှစ်တွင် မြန်မာငွေဈေးကျပြီး ပြည်ပမှ တင်သွင်းရသည့် စိုက်ပျိုးရေးသုံးပစ္စည်းများလည်း ဈေး တက်လာကာ စိုက်ပျိုးစရိတ်နှင့် အမြတ်အစွန်း မကာမိသည့် အခြေအနေကိုလည်း ဒေါ်ရီရီအပါအဝင် တောင်သူများ ရင်ဆိုင်နေကြရသည်။

စိုက်ပျိုးစရိတ်မှာ ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် ငရုပ်ပင်ရေ တစ်သောင်းကို ကျပ်ငါးသိန်းဝန်းကျင်ခန့်သာ ကုန်ကျပြီး ယခုနှစ်တွင် ၁၅ သိန်းဝန်းကျင်ခန့် သုံးဆလောက် ပိုကုန်ကျသည်ဟု သိရသည်။

“ဓာတ်ဆီဈေးတွေ မြင့်တယ်။ မြေဩဇာဈေးကလည်း မြင့်တယ်ဆိုတော့ မမြတ်တော့ဘူး။ ရှုံးတာပေါ့။ ငရုပ်အချိန်ကျတော့ ငရုပ်ဈေး မရှိတော့ ကိုင်းသမားတွေ ရှုံးတယ်။ …. တစ်နှစ်မှ တစ်ခါတည်းဆိုတော့ ကိုင်းသမားတွေ နစ်နာတာပေါ့” ဟု ဒေါ်ရီရီက အခက်အခဲများကို ပြောပြသည်။

ငရုပ်ပင်သည် ရာသီအလိုက် စိုက်ပျိုးရသော အပင်မျိုးဖြစ်သည်။ ထိုသို့ စိုက်ပျိုးရသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးချိန်မရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင် အပင်ပျိုးရပြီး အချိန်ယူစိုက်ပျိုးရာတွင်လည်း အခက်အခဲများရှိသည်ဟု သိရသည်။

စိုက်ပျိုးချိန် မရောက်ခင်ကတည်းက ပျိုးအချိန်တွင် ရာသီဥတုဒဏ်နှင့် ပိုးမွှားများ ဖျက်ဆီးသောကြောင့် အပင်သေတတ်ပြီး စိုက်ပျိုးချိန်တွင်လည်း တစ်ခါတရံ အသီးအပွင့် မခိုင်ခြင်း၊ ပိုးမွှားတိရစ္ဆာန်ဖျက်ဆီးခြင်း၊ ရာသီဥတုဖျက်ခြင်းတို့ကြောင့် ရှုံးသည့် အခြေအနေများလည်း ရှိတတ်သည်ဟု ဆိုကြသည်။

ရာသီဥတုပေါ် မူတည်ကာ အထွက်နှုန်းကွာသည့် အပင်ဖြစ်သောကြောင့် ယခုနှစ်တွင် ရာသီဥတု မမှန်ဘဲ ပျိုး ပင်စိုက်ချိန်တွင် မိုးအလွန်ရွာသွန်းမှုကြောင့် အပင်အမြစ်နာခြင်း၊ ဆောင်းချိန်တွင် အအေးလွန်မှုကြောင့် အပင် အမြစ် သိပ်မထိုးခြင်း၊ အစားမချက်နိုင်ခြင်းများ ဖြစ်ပြီး ယခင်နှစ်များနှင့် ယှဉ်လျှင် အထွက်နှုန်း ပိုကျသည်ဟု တောင်သူဦးကြီးများက ရှင်းပြသည်။

အသက် ၄၉ နှစ်အရွယ် ဦးထွန်းထွန်းကတော့ တောင်ယာစိုက်ပျိုးရေးတွင် အတွေ့အကြုံ နှစ် ၃၀ ခန့်ရှိသူဖြစ်ကာ သူသည်လည်း ယခုနှစ်တွင် ငရုပ်စိုက်ပျိုးရာ အရှုံးပေါ်သည့် အခြေအနေကို ရင်ဆိုင်နေရသည်။

“ရာသီဥတုက မနှစ်တုန်းက ကောင်းတယ်။ စိုက်ရ ပျိုးရတာ အခက်အခဲ မရှိဘူး။ ပိုးမွှားအဖျက်အဆီးလည်း နည်းတယ်။ စိုက်တဲ့ အချိန် ရာသီဥတုဖောက်မယ်ဆိုရင် စိုက်ပင်ပျိုးပင်က အဆင်မပြေဘူး ။ … အရင်နှစ်က အပင် တစ်သောင်းမှာ အချိန် ၂၀၀ ကျော် ၃၀၀ ပုံမှန်ထွက်တယ်။ အပင်ကောင်းပြီး အသီးအရည်အသွေးမှီရင် အချိန် ၅၀၀ အထိ ထွက်တယ်။ . ဒီနှစ်ကတော့ အပင် တစ်သောင်းကို အချိန် ၁၀၀ ကျော်လောက်ပဲ ထွက်တယ်” ဟု ဦးထွန်းထွန်းက ရာသီဥတုပေါ် မူတည်ပြီး ငရုပ်အထွက်နှုန်းအကြောင်း ရှင်းပြသည်။

ငရုပ်စိုက်ပျိုးရာတွင် အရင်းအနှီးအားဖြင့် အပင်တစ်သောင်းကို အနည်းဆုံး ကျပ် ၈ သိန်းမှ ၁၀ သိန်းကြား ကုန်ကျလေ့ရှိသည်။ ငရုတ်ထွက်ချိန်တွင် အမြတ်မှာ ပုံမှန်မရှိဘဲ ရာသီဥတု၊ ပိုးမွှားဖျက်ဆီးမှုပေါ် မူတည်၍ အရည်သွေးမှီရင် မှီသလို ၂၅ ရာခိုင်နှုန်းမှ ထက်ဝက်ချိုးမြတ်တတ်ကာ တစ်ခါတရံ ရှုံးသည်လည်း ရှိတတ်သည်ဟု သိရသည်။

ယခင်ပြီးခဲ့သော နှစ်များတွင်မူ ငရုပ်စိုက်တောင်သူများမှာ ဈေးကောင်းရသဖြင့် လုပ်ကိုင်သူများပြီး အပင် အရေ အတွက် ဧကများစွာ စိုက်ပျိုးကြသည်။ သို့သော် ယခုနှစ်တွင်မူ ငရုပ်သီးဈေးကွက်မှာ သိသိသာသာ ထိုးကျသွား သည့်အပြင် စိုက်ပျိုးစရိတ်များ မြင့်တက်လာသောကြောင့် တောင်သူများမှာ အပင်အရေအတွက် လျှော့စိုက်နေကြသည်ဟု တောင်သူအချို့က ဆိုသည်။

၎င်းအပြင် ငရုပ်ခင်းတွင် အလုပ်လုပ်သူများမှာလည်း ပြည်တွင်း၌ ကုန်ဈေးနှုန်းတက်ပြီး နေ့စားလုပ်ခ အဆင်မပြေသောကြောင့် မြို့တက် သို့မဟုတ် ပြည်ပထွက်လုပ်ကိုင်လာသူများလည်း ရှိလာသည်။ ထို့ကြောင့် ယခင်နှစ်များထက် လုပ်သားနည်းပါးလာသည့်အတွက် ကိုင်းလုပ်ကိုင်သူများမှာ အပင်အရေအတွက် လျှော့ချစိုက်ပျိုးလာရသည်အထိ အခက်အခဲဖြစ်ကြောင်းလည်း တောင်သူများက ဆိုသည်။

ငရုပ်စိုက်တောင်သူ ဒေါ်ရီရီက “စရိတ်စခထက် လုပ်သားတွေ မရှိကြတာကြောင့် အလုပ် လျှော့ရတယ်။ အပင်သိန်းဂဏန်း လုပ်တဲ့သူက သောင်းဂဏန်းပဲ လုပ်တော့တယ်။ သောင်းဂဏန်းလုပ်တဲ့သူက ထောင်ဂဏန်းပဲ လုပ်ကြတော့တယ်။ တစ်နှစ်နဲ့ တစ်နှစ် အပင်ရေ နည်းနည်းသွားတယ်။ ဘာကြောင့်လျော့တာလဲဆိုတော့ ကုန်ဈေးနှုန်းနဲ့ အထွက်နှုန်းနဲ့ သိပ်မမြတ်တော့ လျော့သွားတာကြီးပဲ၊ အပင်ရေတိုးပြီးတော့ မလုပ်ကြတော့ဘူး” ဟု သူလုပ်ဆောင်နေရပုံကို ဆိုသည်။

ယခုလက်ရှိ လုပ်ကိုင်နေသော တောင်သူများမှာ ငရုပ်ကို ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလာသော လုပ်ငန်းတစ်ခု အဖြစ်သာ ဆက်လက်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး စီးပွားဖြစ်လုပ်ကိုင်ရန်မှာမူ အခက်အခဲရှိကြသည်ဟု ဆိုသည်။

ငရုပ်သီးစိုက်တောင်သူ ဒေါ်ရီရီနှင့် ဦးထွန်းထွန်းတို့အတွက်လည်း လက်ရှိတွင် မည်သို့ပင် အခက်အခဲကြုံစေကာမူ မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် မစွန့်လွှတ်နိုင်သေးဘဲဆက်၍ လုပ်နေဦးမည်ပင် ဖြစ်သည်။