Home တွေ့ဆုံမေးမြန်းခန်း သာပေါင်းမြို့နယ် ရေဘေးကူညီရေး သွားရောက်လုပ်ကိုင်နေသည့် Future Light ဖောင်ဒေးရှင်း(ပန်းတနော်) ဥက္ကဌ၊ စအိုင်ထီးခန့်နှင့် ဆက်သွယ်မေးမြန်းခြင်း

သာပေါင်းမြို့နယ် ရေဘေးကူညီရေး သွားရောက်လုပ်ကိုင်နေသည့် Future Light ဖောင်ဒေးရှင်း(ပန်းတနော်) ဥက္ကဌ၊ စအိုင်ထီးခန့်နှင့် ဆက်သွယ်မေးမြန်းခြင်း

322

သာပေါင်းမြို့နယ် ရေဘေးကူညီရေး သွားရောက်လုပ်ကိုင်နေသည့် Future Light ဖောင်ဒေးရှင်း(ပန်းတနော်) ဥက္ကဌ၊ စအိုင်ထီးခန့်နှင့် ဆက်သွယ်မေးမြန်းခြင်း

—————–

“အခု ပိုက်ဆံရှိတောင် ဝယ်စားလို့ မရတဲ့အခြေအနေပါ၊ အလှမ်းဝေးတဲ့ နေရာပေါ့” Future Light ဖောင်ဒေးရှင်း(ပန်းတနော်) ဥက္ကဌ၊ စအိုင်ထီးခန့်

ဩဂုတ်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမှုကြောင့် ဇူလိုင်လကုန်ပိုင်းမှစ၍ မြို့နယ် အတွင်း ကျေးရွာအများစုတွင် ရေဘေးသင့်မှုကြုံတွေ့နေရပါသည်။ ထိုသို့ ရေးဘေးသင့်ပြည်သူများကို တတ်နိုင်သည့် ဘက်မှ သွားရောက်ကူညီပေးနေသည့် ပန်းတနော် မြို့နယ် အခြေစိုက် Future Light ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ စအိုင်ထီးခန့် နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ အဖွဲ့ လက်ရှိ ရောက်နေတဲ့ သာပေါင်းမြို့ ရေဘေးမျက်မြင်အခြေအနေကို ပြောပြပေးပါ။

ဖြေ။ ။ အခု ကျနော်တို့ ရောက်ရှိနေတဲ့ နေရာကတော့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ရှမ်းကွင်း အုပ်စု၊ ဒီဘက်က ဆက်သွားကျေးရွာအုပ်စုကို ကျနော်တို့ ရောက်နေတယ်၊ ငဝန်မြစ်ကိုတာဖို့ ထားရတယ်။ တာကျိုးရင် ဒီရှမ်းကွင်းက အခက်အခဲဖြစ်မဲ့ရွာပေါ့။ ဆက်သွားကျေးရွာကတော့ လယ်ကွင်းခေါင်ခေါင်ထဲမှာ ရေတွေအကုန်လုံးဝင်နေတယ်။ အဆင်မပြေတဲ့ ရွာပေါ့နော်။ အဲ့ဒီမှာဆိုရင် အိမ်တွေက ရေတိုက်စားပြီး တချို့အိမ် တွေက ပျက်စီးတယ်။ တချို့အိမ်တွေက လုံးဝမြှုပ်သွားတယ်။

အဲ့လိုမျိုးအနေအထားကြောင့် သူတို့တွေက ဘုန်းကြီးကျောင်းပေါ့နော်၊ အိမ်မြှုပ်သွားတဲ့သူတွေက ပြောင်းရွှေ့ နေထိုင်ရတဲ့ အနေအထားပေါ့။ နောက်ဒေသခံတွေဆီက သိရတာက သာပေါင်းမြို့နယ်က ရေကြီးတာ အခံရဆုံး လို့ ပြောလို့ရတယ်။ ကျေးရွာအုပ်စု ၇၀ ကျော်ရှိတာ ၆၀ ကျော်လောက်ရေကြီးနေပါတယ်။

မေး။ ။ Future Light ဖောင်ဒေးရှင်းပန်းတနော် အနေနဲ့ ဘာတွေ လှူဖို့ ပြင်ဆင်ထားလဲ။ ပြောပြပေးပါ။

ဖြေ။ ။ ကျနော်ကတော့ Future Light ဖောင်ဒေးရှင်းပန်းတနော်ရဲ့ ဥက္ကဋ္ဌပေါ့နော်၊ ကျနော်တို့ အသင်းက တရားဝင်မှတ်ပုံတင် ထားတဲ့အတွက် ဌာနဆိုင်ရာတွေနဲ့လည်း အလုပ်လုပ်လို့ ကောင်းတယ်လေ။ ကျနော်တို့က ထီးထာကလုန်း ကရင်လူငယ် ပရဟိတအသင်းနဲ့လည်း ပူးပေါင်းပြီးတော့ တကယ်လိုအပ်တဲ့ ဆန်၊ ဆီ၊ ငါးခြောက်၊ ကြက်သွန်၊ အသားတု၊ ခေါက်ဆွဲခြောက်တွေနဲ့ အခြားပစ္စည်းတွေ လှူဖို့ ပြင်ဆင်နေတယ်။ တချို့တဝက်လည်း ပြင်ဆင်ပြီး ပြီ။

ကျနော်က ဒီမှာ အထိုင်ချထားတယ်။ ပစ္စည်းပို့တဲ့ အဖွဲ့ကလှမ်းပို့တာ မနက်ဖန်စလှူမယ်၊ နောက်ရက်တွေ လည်း ဆက်လှူမယ်၊ အလှူငွေ ရတဲ့အပေါ်မူတည်ပြီး ဆက်လှူသွားမယ်။ လောလောဆယ်တော့ သိန်း ၁၀၀ ဖိုးကျော် သွားပြီး။ ဆန်ဈေးကလည်း တက်နေတယ်၊ တစ်အိတ် ၉ သောင်းကျော်ရှိတယ်။ အိမ်ခြေ ၆၀၀ လောက်လှူဖို့ ရည်ရွယ်ထားတယ်။ စားသောက်ကုန် ဆန်၊ ဆီ စားသောက်ကုန်တွေလှူသွားမယ်။

မေး။ ။ ရေးဘေးသင့် ပြည်သူတွေ အဓိက ဘာတွေ လိုအပ်နေလဲ။

ဖြေ။ ။ အဓိက ဘာလိုလည်း ဆိုရင် တချို့ကလာမေးကြတယ် အဝတ်အစားတွေပေါ့၊ အဝတ်အစားတွေက မလိုသေးဘူး။ လိုအပ်တာက စားဝတ်နေရေးပေါ့၊ အခု ပိုက်ဆံရှိတောင် ဝယ်စားလို့ မရတဲ့ အခြေအနေပါ၊ အလှမ်းဝေးတဲ့ နေရာပေါ့ နော်။ သာပေါင်း မြို့နယ်ကပဲလာလာ၊ ကန်ကြီးဒေါင့်ကပဲ လာလာ။ အသုတ်မြို့ ဘက်ကပဲလာလာ၊ နှစ်နာရီ လောက် စက်လှေမောင်းရတဲ့ နေရာများဖြစ်တယ်။ လိုအပ်တာက ဆန်၊ ဆီနဲ့ အသင့်စားလို့ရတဲ့ အစားအသောက်တွေ လိုအပ်ပါတယ်။

မေး။ ။ Future Light ဖောင်ဒေးရှင်းပန်းတနော် အကြောင်းကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ကတော့ ပန်းတနော်မြို့နယ်အခြေစိုက် အဖြူရောင်အနာဂတ် ပရဟိတအသင်း ဖြစ်တယ်။ ၂၀၁၈ ခုနှစ် မှာ စတင်တည်ထောင်ခဲ့တယ်။ အဓိက လုပ်ဆောင်ဖြစ်ခဲ့တာက ကိုဗစ်မှာ လူနာတင်ကားတွေနဲ့ ဆေးရုံ ပို့တာ‌တွေ၊ အထွေထွေလုပ်ခဲ့တယ်။ အခုလည်း အရေးပေါ် ဆေးရုံပို့တာ၊ ကူညီရေးအပိုင်းလည်း လုပ်နေတုံးပဲ။ နောက်ရေဘေးလည်း လှူဖြစ်တယ်။ နောက် မီးသင်္ဂြိုဟ်စက်လည်း စီစဉ်ထားတယ်။ အအေးခန်းအခေါင်းလည်း ကူညီတာ ရှိတယ်။ စသဖြင့် လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

မေး။ ။ ဘာများဖြည့်ဆွက်ပြောချင်သေးလဲ။

ဖြေ။ ။ အခုက ကျနော်တို့ လှူဒါန်းဖို့ ကွင်းဆင်းကြည့်တာ မနက်မှ စလှူသွားမယ်။ အခု ကြုံနေရသလောက်က ကန်ကြီးဒေါင့်က လာတာတောင် စက်လှေ ၂နာရီခွဲကျော်စီးရတယ်။ ၂၇ မိုင်လောက်ဝေးတယ်လို့ ပြောကြတယ်။ နောက်လှူဒါန်းဖို့အတွက် သွားလာရေးခက်ခဲတယ်။ ပစ္စည်း တင်ဖို့ စက်လှေကြီး ငှားရမလွယ်ဘူး။ ကျနော်တို့ အဖွဲ့ က ဆက်သွယ် သွားလာရေးခက်ခဲပြီး ဘယ်သူမှ မရောက်တဲ့နေရာတွေကို လှူဒါန်းသွားမှာဖြစ်တယ်။ ကျေးရွာ ခြောက်ရွာလောက် လှူုဒါန်းဖို့ အစီအစဉ်ရှိတယ်။