Home ဆောင်းပါး ရှုပ်ထွေးမှုနဲ့ မတည်ငြိမ်မှုတွေကို အဆက်မပြတ် လုပ်ကြံဖန်တီးနေတာ (စကစ)စစ်အုပ်စုပဲ

ရှုပ်ထွေးမှုနဲ့ မတည်ငြိမ်မှုတွေကို အဆက်မပြတ် လုပ်ကြံဖန်တီးနေတာ (စကစ)စစ်အုပ်စုပဲ

177
Photo: Crd.

ရှုပ်ထွေးမှုနဲ့ မတည်ငြိမ်မှုတွေကို အဆက်မပြတ် လုပ်ကြံဖန်တီးနေတာ (စကစ)စစ်အုပ်စုပဲ

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်)

“မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန် ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့် ကိစ္စရပ်ကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်း”

အထက်ပါကောက်နုတ်ချက်ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သူမရဲ့ သံအမတ်ခန့် အပ်လွှာကို မင်းအောင်လှိုင်ထံပေးအပ်တဲ့ အခမ်းအနားမှာ မင်းအောင်လှိုင်က ပြန်လည်ပြောကြားတဲ့ စကားတွေထဲက (မူရင်းရေးသားဖော်ပြချက်တိုင်း) ကူးယူကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အဲဒီကောက်နုတ်ချက်ထဲကနေ အောက်ပါ အချက် ၃ချက်ကို အထင်အရှားမြင်နိုင်ပါတယ်။
ပထမ အချက်က တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ (လူနဲ့ရုပ်ဝတ္ထု) ဘေးကင်းလုံခြုံရေး၊
ဒုတိယ အချက်က မြန်မာ – တရုတ် နယ်စပ်တည်ငြိမ်ရေး၊
တတိယ တရုတ်နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ခွင့်ပြု မည်မဟုတ် — ဆိုတာတွေဖြစ်ပါတယ်။ အဲဒီအချက် ၃ချက်ကို တစ်ချက်စီ စဉ်းစားကြည့်ကြပါစို့။

ဒီကိစ္စတွေဟာ မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ကို ပါးစပ်ကနေ ပြောလိုက် သလို လက်တွေ့မှာ တကယ်တမ်းဖြစ်နိုင်ပါ့မလား။ ၆လတစ်ခါ သက်တမ်းတိုးလိုက်တိုင်း ၆ဆမက တိုးများလာနေတဲ့ ပြည်တွင်းပြည်ပ အကျပ်အတည်းတွေကို ရင်ဆိုင်နေရတဲ့ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုအတွက် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလို ဖြစ်နေမယ့်ကိန်းပါပဲ။

လက်တွေ့ထဲကနေ မြင်ရတဲ့တစ်ခုကတော့ တိုက်ပွဲတွေ တောက်လျှောက်ဆိုသလို ဖြစ်ပွားနေပေမယ့် တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ (လူနဲ့ရုပ်ဝတ္ထု) မှဲ့တစ်ပေါက်စွန်းတယ်ဆိုတာမျိုး မကြားမိသေးပါဘူး။ (စကစ)စစ်အုပ်စုဘက်ကရော – (စကစ)ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ ဘက်နှစ်ဖက်လုံးက သတိကြီးကြီးနဲ့ ရှောင်ရှားနေကြဟန်တူပါတယ်။ မင်းအောင်လှိုင်တို့ စစ်တပ်က သူတို့လက်လွှတ်လိုက်ရတဲ့ စစ်စခန်း သို့မဟုတ် မြို့ရွာတွေကို ဗုံးတွေထင်သလိုကြဲချ၊ လက်နက်ကြီးတွေနဲ့ ထင်သလို ပစ်ခတ်ပေမယ့် တရုတ်အကျိုးစီးပွားတွေအပေါ်ကိုတော့ ယောင်မှားပြီးကြဲချမိတာ ပစ်ခတ်မိတာမျိုး မရှိပါဘူး။ (စကစ)ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ အင်အားစုတွေဘက်ကလည်း တရုတ်အကျိုးစီး ပွားတွေကို ဖောက်ခွဲပစ်လိုက်တာ မီးရှို့ပစ်လိုက်တာဆိုတာမျိုးလည်း မရှိပါဘူး။ အဲဒီလို မထိခိုက်အောင် နှစ်ဖက်လုံးက ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မလဲတော့ မသိပါဘူး။ စစ်မက်ဘေးကနေ လွတ်ရာပြေးရှောင်ကြရတဲ့ ပြည်သူတွေအကြားမှာတော့ တကယ့်စစ်မက်ဘေးက လွတ်ကင်းတဲ့နယ်မြေဟာ ကျောက်ဖြူခွင်းမင် ပိုက်လိုင်းတစ် လျှောက်ဖြစ်တယ်လို့ တကယ့်ဖြစ်ရပ် သရော်ဟန်စွက်ပြီး ပြောဆိုနေကြပါတယ်။

ဒုတိယအချက်အဖြစ်တဲ့ “တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေး” ကတော့ “ထိုင်း-မြန်မာနယ်စပ်” လိုပဲ တိုက်ပွဲ တွေကလည်း သူ့ဟာသူဖြစ်၊ ကုန်စည်ကူးသန်းမှုတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ပုံမှန်သဖွယ် သွားလာ လှုပ်ရှားနေတာ ကို အတုယူနိုင်မလားတော့ မပြောတတ်ပါဘူး။ ပူပူနွေးနွေး လက်လွှတ်အရှုံးပေးလိုက်ရတဲ့ လားရှိုးအခြေစိုက် (ရမခ) စစ်ဌာနချုပ်ကို (စကစ)စစ်အုပ်စုက ပြန်တိုက်ပြီး မယူတော့ဘူးလား။ ယူလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီအတွက် စစ်ရေးဆိုင်ရာ ပြင်ဆင်စုဖွဲ့မှုတွေ လုပ်နေတယ်လို့ ထင်ပါတယ်။

ဒီတော့ တရုတ် – မြန်မာနယ်စပ်တည်ငြိမ်ရေးဟာ ပုံမှန်ပြန်ဖြစ်ဖို့ အတော်ကြီး အလှမ်းကွာဝေးနေလိမ့်အုံးမယ် လို့ထင်ရပါတယ်။ တစ်ဖက်မှာလည်း “ဟိုင်ဂင်ဆွေးနွေးပွဲ”ဟာ ပြန်ပြီးဖြစ်လာနိုင်စရာရှိတယ်လို့ ထင်မြင်ယူဆပါတယ်။

တတိယအချက်ဖြစ်တဲ့ “တရုတ်နိုင်ငံလုံခြုံရေးနှင့်အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့်ကိစ္စရပ် ကို မဆိုခွင့်ပြုမည်မဟုတ်” ဒီအချက်က ရှေ့က ပထမအချက်နဲ့ ဒုတိယအချက်လို ရှင်းရှင်းလင်းလင်းမရှိဘဲ လုံးထွေး နေပါတယ်။ ပထမအချက်နဲ့ ဒုတိယအချက်မှာ ဖော်ပြထားတာတွေဟာ “တရုတ်နိုင်ငံလုံခြုံရေးနဲ့ အကျိုးစီးပွားတွေပဲ” မဟုတ်ဘူးလား။

ဒါမှမဟုတ် (စကစ)စစ်အုပ်စု လက်ခုပ်ထဲက နိုင်ငံရေးပါတီတွေ၊ ဘာသာရေး၊ လူမှုရေး၊ စာပေ၊ယဉ်ကျေးမှု စတဲ့ အမည်အမျိုးမျိုးနဲ့ အသင်းအဖွဲ့တွေကနေတဆင့် “ကြေညာချက်/ပူးတွဲကြေညာချက်” ထုတ်ခိုင်းတာမျိုးတွေ၊ (စကစ)စစ်အုပ်စုက လက်သပ်မွေးထားတဲ့ သင်္ကန်းဝတ်၊ ဆိုင်းဘုတ်ကိုင်ကြေးစားလူအုပ်တွေနဲ့ “တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ မီဒီယာပလက်ဖောင်းမျိုးစုံပေါ်ကနေ တရုတ်ပြည်ကို အိုးမဲသုတ် သရုပ်ဖျက်နေတာတွေ”ကို ရပ်တန်းက ရပ်ခိုင်းလိုက်ပါတော့မယ်။ အဲဒီလို မဖြစ်ညစ်ကျယ်လုပ်ရပ်တွေ နောက်ထပ် မလုပ်ခိုင်းတော့ပါဘူးလို့ အာမဘန္တေ ခံလိုက်တာမျိုးလား။

“တရုတ်နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ခွင့်ပြုမည်မ ဟုတ်” ဆိုတဲ့ အပြောကပဲ တရုတ်ပြည်ဆန့်ကျင်ရေးကို တစ်ဖက်လှည့်နဲ့ “ဆွပေး – ဖွပေး” လိုက်တာမျိုးဖြစ်လေမလား ဆိုတဲ့အချက်ကို မပျက်မကွက် ထည့်သွင်းစဉ်းစားရမှာဖြစ်သလို ပါးစပ်ကနေ တမင်ပေါ့ပေါ့ လွယ်လွယ် ပြောလိုက်တာ မျိုးလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

ဘာလို့ဒီလိုပြောရသလဲဆိုတော့ ဘာသာရေး၊ လူမျိုးရေး ရန်တိုက်သွေးခွဲမှုကို မင်းအောင်လှိုင်တို့ (စကစ)စစ် အုပ်စုဟာ သူတို့ရှေ့က စစ်အုပ်စုတွေလို ပိုပြီး သဲကြီးမဲကြီးလုပ်နေလို့ပါပဲ။ နောက်တစ်ချက်ကလည်း မြန်မာပြည်သူ တွေရဲ့ အမြင်နဲ့ခံစားချက်ကလည်း တရုတ်ပြည်နဲ့ပတ်သက်ရင် (စကစ)စစ်အုပ်စုဘက်ကို သာသာထိုးထိုး အကူအညီ ပေးနေတယ်။ တရုတ်အကျိုးစီးပွားတွေကိုပဲ စီးပွားရေးဆန်ဆန် တစ်ဖက်သတ်ကြည့်နေပြီး အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ ရုန်းကန်မှုတော်လှန်မှုတွေကို လျစ်လျူရှုထားတယ်လို့ ထင်မြင်ခံစားနေကြလို့ပါပဲ။

နောက်တစ်ချက်ကလည်း “၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ပြဿနာတွေကို ဖြေရှင်းဖို့ တရုတ်အစိုးရ တာဝန်ရှိသူတွေက အကြိမ်ကြိမ် ရည်ညွှန်းပြောဆိုနေတဲ့အချက်ကိုလည်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတွေက နဲနဲ လေးမှ မလိုလား၊ မနှစ်မြို့ပါဘူး။ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကလည်း ဒီပြောဆိုချက်ကို အခိုင်အမာ ဆန့်ကျင်ကန့် ကွက်နေကြတာပါ။

ဒါကြောင့် အဲဒီလို အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေရဲ့ အမြင်နဲ့ခံစားချက်တွေ၊ မင်းအောင်လှိုင်တို့ (စကစ)စစ် အုပ်စုကို တော်လှန်တိုက်ခိုက်ဆန့်ကျင်နေတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေရဲ့ တကယ့်အသံကို တရုတ်ကွန်မြူနစ် ပါတီနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေက လေးလေးနက်နက် နားထောင်စဉ်းစားကြည့်ဖို့ လိုအပ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင် ရာအထူးသံတမန် Ms. Julie Bishop တို့ ပေကျင်းမြို့မှာတွေ့ကြတဲ့အခါမှာ “မြန်မာနိုင်ငံအရေးကိစ္စသည် ရှုပ်ထွေး ကြောင်း” အသိအမှတ်ပြုပြောကြားတာကို ကြားသိရပါတယ်။ အမှန်ပါပဲ။ အဲဒီလို ရှုပ်ထွေးမှုတွေနဲ့ မတည်ငြိမ်မှုတွေ ကို အဆက်မပြတ် လုပ်ကြံဖန်တီးနေတဲ့ တကယ့်လက်သည်ဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအရဆိုရင် မင်းအောင်လှိုင်နဲ့ (စကစ)စစ်အုပ်စုဖြစ်ပါတယ်။

အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများနဲ့ တော်လှန်ရေးအင်အားစုက အဲဒီလို ရှုပ်ထွေးမှုတွေနဲ့ မတည်ငြိမ်မှုတွေ ကို တကယ့်အရင်းအမြစ်ကနေ ဖယ်ရှားရှင်းလင်းပစ်နိုင်ဖို့ဆိုရင် “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” အကုန်အစင် ဖျက် သိမ်းရေးကို ပြတ်သားကုန်စင်အောင် ဆောင်ရွက်ကြရမယ်လို့ စွဲစွဲမြဲမြဲ နားလည်ထားကြပါတယ်။

မြန်မာပြည်မှာ အဓွန့်ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို တကယ်တမ်း လိုလားမျှော်လင့်တယ်ဆိုရင် တော့ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ဖယ်ရှားရေးမှာ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများရဲ့ ရုန်းကန်ကြိုးပမ်းမှုတွေ ကို ကူညီအားပေးကြဖို့လိုအပ်ပါတယ်။ မကူညီနိုင်ရင်လည်း အနှောင့်အယှက်မပေးမိကြဖို့ လိုအပ်ပါတယ်။