Home သတင်း ပြည်တွင်းစစ်မီးငြှိမ်းမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သစ်ကိုမျှော်မှန်း၍မရသေးကြောင်း BNI ပြော

ပြည်တွင်းစစ်မီးငြှိမ်းမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သစ်ကိုမျှော်မှန်း၍မရသေးကြောင်း BNI ပြော

178

ဩဂုတ် ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပေါ်လျက်ရှိသည့် ပြည်တွင်းစစ်မီးငြှိမ်းမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သစ်ဖြစ်ပေါ်လာရေး မျှော်မှန်းမရသေးကြောင်း ယနေ့ ဩဂုတ်လ(၁၆)ရက်နေ့ ကျင်းပပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲတွင် နိုင်ငံတကာမြန်မာသတင်း-BNI အဖွဲ့က ပြောသည်။

တိုင်းရင်းသားမီဒီယာ(၁၅)ခုဖြင့်ဖွဲ့စည်းထားသော BNI ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် စောင့်ကြည့် ရေးလုပ်ငန်း-MPM က ဦးဆောင်ပြုလုပ်သော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကိုပုံဖော်ခြင်း ရည်ညွှန်း အကိုးအကား(၂၀၂၃-၂၀၂၄) စာအုပ်မိတ်ဆက်ပွဲ၊ မိတ်ဆက်ရှင်းလင်းခြင်းကဏ္ဍအပိုင်း(၁)တွင် BNI ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက ထိုသို့ ပြောကြားသွားခြင်းဖြစ်သည်။

“စစ်တပ်က ရွေးကောက်ပွဲအောင်မြင်ရေး ERO တွေကို ပစ်မှတ်ထားချဉ်းကပ်နေသလို ERO နဲ့ NUG ကလည်း စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ တော်လှန်ရေးမဟာမိတ်အင်အားစုကို တိုးချဲ့ပြင်ဆင်နေကြတယ်။ လက်ရှိအခြေအနေအရတော့ ဆယ်စုနှစ်များစွာ အမြစ်တွယ်လာခဲ့တဲ့ ပြည်တွင်းစစ်မီး ကိုငြှိမ်းသတ်ပေးနိုင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အခင်းအကျင်းသစ်ကို မှန်းဆလို့မရသေးဘူးလို့လည်း ကျမတို့သုံးသပ်မိတယ်။” ဟု ဒေါ်တင်တင်ညိုက ပြောသည်။

ထို့အပြင် စစ်တပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ပွဲ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်-ERO များက တုံ့ဆိုင်းနေမှုအပါအဝင် အာဏာသိမ်းခြင်းကြောင့် အပစ်ခတ်ရပ်စဲရေးစာချုပ်-NCA ပျက်ပြယ်ပြီး ဟုဆိုကာ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ခိုက်နေသော ERO များလည်း ရှိနေသဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်အပိုင်းအခြားကာလသည် NCA အဆုံးသတ်သွားသည့်နှစ်ဖြစ်ကြောင်းလည်း BNI-MPM က စာအုပ်မိတ်ဆက်ပွဲအတွင်း ထည့်သွင်းပြောဆိုသွားသည်။

အွန်လိုင်းအစီအစဥ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော BNI-MPM ၏ စာအုပ်မိတ်ဆက်ပွဲအား အစီအစဥ်အရ BNI ၏ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ မအားမီ မှ အဖွင့်အမှာစကားပြောခြင်းပြီးနောက် တာဝန်ရှိသူများက အဆိုပါစာအုပ်တွင် ပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၊ နိုင်ငံရေးတွင်ပါ ဝင်နေသော အစုအဖွဲ့များ၊ ERO များ၊ နိုင်ငံတကာအစိုးရများ၏အခန်းကဏ္ဍ အစရှိသဖြင့် အပိုင်း(၂)ပိုင်းခွဲ၍ မိတ်ဆက်ရှင်းလင်းခဲ့သည်။

အဖွင့်အမှာစကားပြောကြားသွားသည့် မအားမီ က “ဒီစာအုပ်လေးက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို စောင့်ကြည့်လေ့လာနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေအတွက် အထောက်အကူ တစ်စုံ တစ်ရာပြုမယ့်စာအုပ်လို့ ကျမမျှော်လင့်တယ်။ စစ်ရေးပဋိပက္ခထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ခံစားနေရတဲ့လူထုအတွက်လည်း တရားမျှတမှုကိုရှာဖွေပေးမယ့် လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေအတွက် တစ်ချိန်ချိန်မှာ သက်သေအနေနဲ့ ရှိနေမယ်လို့လည်း ကျမမျှော်လင့်တယ်။” ဟု ပြောသည်။

တော်လှန်ရေးကာလအခင်းအကျင်းများအပြင် နိုင်ငံတစ်ဝှမ်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်များ၊ မိုင်းဆွဲတိုက်ခိုက်မှုများ၊ စစ်ဘေးရှောင်အခြေအနေများနှင့် နိုင်ငံတကာအခန်းကဏ္ဍ၊ သုံးသပ်ချက်များပါဝင်သော စာမျက်နှာပေါင်း(၂၂၂)မျက်နှာရှိ အဆိုပါရည်ညွှန်းအကိုးအကားစာအုပ်အား BNI-MPM ၏ ဝက်ဆိုက်ဘ်စာမျက်နှာတွင် ယနေ့မှစ၍ မြန်မာဘာသာဖြင့် ဒေါင်းလုပ်ရယူနိုင်သည်။

၂၀၁၃ ခုနှစ်မှစတင်ခဲ့သော BNI-MPM အနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြစ်စဥ်အတွင်း ပတ်သက်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အကြောင်းအရာများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အရွှေ့အပြောင်းများကို လူထု သိရှိနားလည်စေရန် ရည်ညွှန်းအကိုးအကာစာအုပ်များ ထုတ်ဝေလာသည်မှာ ယခုဆိုလျှင် (၉)အုပ်မြောက်ရှိလာပြီဖြစ်သည်။