ဩဂုတ် ၁၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက် နိုင်ရန် အတွက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာသည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောသည်။
ယခုလို စစ်ကြောင်းထိုးဝင်ရောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းသည့် အနေဖြင့် ဩဂုတ် ၁၄ ရက်နေ့မှ စတင်ကာ K-8W ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်မှုများကို ယနေ့ချိန်ထိ ဆက်တိုက် လုပ်ဆောင်နေသည်ဟု ပြည်သူ့ ကာကွယ်ရေးပူးပေါင်း စစ်ကြောင်းက ပြောသည်။
“သူတို့က ရွာတွေဘက်ကို စစ်ကြောင်းထိုးဖို့အတွက် လမ်းကြောင်းကြိုပြီး ရှင်းတဲ့သဘောပါ။ ပြီးတော့ ဒီ ဘက်တွေ မှာက စစ်ကောင်စီတပ်တွေနဲ့ စစ်ရေးတင်းမာနေတဲ့ အနေအထားတွေရှိတယ်” ဟု ရဲဘော် မျိုးကြီးက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ တနင်္သာရီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များတွင် စစ်မှု ထမ်းသင်တန်းဆင်း အပတ်စဉ်-၁၊ ၂ မှသင်တန်းသားများနှင့် တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၅၆၊ ခမရ-၅၅၇၊ ခမရ-၅၅၈ တပ်ရင်းများနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။
ယခုလို နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့်ခြောက်မိုင်ရွာ၊ ဆင်ခေါင်းရွာ၊ ဂဏန်းကွင်းရွာနှင့် အနီးတဝိုက် ရှိကျေးရွာများ အတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိသလို ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ် ၉ ရက်နေ့တွင် ကွင်းသစ်ရွာ၊ သကျက်ချောင်းဝ ဘုရားတောင်၊ မုတ်ဆိပ်ကွင်းရွာ၊ ကျောက်မီးကျောင်းရွာနှင့် ကွင်းသစ်ရွာရှိ စာသင်ကျောင်းများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်သေနတ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။
ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ စုစုပေါင်း ၃,၀၀၀ ကျော်အထိ ရှိသွားပြီးဟု ဒေသတွင်းရှိ လူမှုအဖွဲ့ အစည်းများထံမှ သိရသည်။