Home သတင်း စစ်ကောင်စီက ဂိတ်စခန်းများချ၍ ဇရပ်ကြီးဒေသအတွင်း အင်အားပြကင်းလှည့်စစ်ဆေးနေ

စစ်ကောင်စီက ဂိတ်စခန်းများချ၍ ဇရပ်ကြီးဒေသအတွင်း အင်အားပြကင်းလှည့်စစ်ဆေးနေ

651
Photo: CJ

ဩဂုတ် ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များက ဂိတ်များချထား၍ ကျေးရွာအချို့တွင် အင်အားရာနှင့်ချီသုံးပြပြီး ကင်းလှည့် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဇရပ်ကြီးဒေသ သတင်းအရင်းအမြစ်အရ သိရသည်။

ကင်းမွန်ချုံ၊ ချောင်းခြား၊ ဒိုးတန်း အစရှိသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်က ဂိတ်ချခြင်း၊ ရွာအတွင်းအင်အားသုံးလှည့်လည်ခြင်း၊ တပ်စွဲနေထိုင်ခြင်းတို့ကို စစ်ဘေးတိမ်းရှောင်ပြည်သူများ ပြန်လည်နေထိုင်မှုများလာသည့် ယခုနှစ်ဝက်အတွင်း ပိုမိုလုပ်ဆောင်လာသည့်အပြင် ဖမ်းဆီးခံရသူ အချို့လည်းရှိနေသဖြင့် အသွားအလာသတိထားနေရသည်ဟု ဒေသခံများကပြောသည်။

“အရင်ရက် ဒိုးတန်းရွာမှာ ဒီနေ့တော့ ကင်းမွန်းချုံ၊ ရွှေပုဂံဘက်မှာ ကင်းလာစောင့်တယ် တနေကုန်မပြန်ဘူး။ ဇရပ်ကြီးရွာလမ်းဘက်မှာလည်း ကင်းတွေချထားတယ်။ ချောင်းခြားမှာဆိုလည်း ညဘက် ညဘက် ရာနဲ့ချီပြီးကင်းလှည့်သေးတယ်။ တချို့လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကိုဆို သူတို့သွားချင်တဲ့နေရာ လိုက်ပို့ခိုင်းတာမျိုးလုပ်တယ်” ဟု အမည်မဖော်လိုသည့် ဇရပ်ကြီးမြို့နေအမျိုးသားတစ်ဦးက ပြောသည်။

ဩဂုတ်လ (၅) ရက်နေ့ကလည်း ဒိုးတန်းရွာတွင်ရောက်ရှိနေသော စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့အချို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဘက်မှအသေအပျောက်ရှိခဲ့သဖြင့် ကင်မွန်းချုံကျေးရွာအုပ်စုဘက်သို့ ပြောင်းရွှေ့တပ်စွဲနေခြင်းဖြစ်နိုင်ကြောင်းလည်း ဇရပ်ကြီးနယ်ခံအချို့ကသုံးသပ်သည်။

Photo: CJ

ဒိုးတန်းနှင့်ကင်းမွန်ချုံအုပ်စုအတွင်း တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ် ရောက်ရှိနေမှုကြောင့် အချို့ရွာခံများမှာ စိုးရိမ်ကြောက်လန့်သဖြင့် ဘေးလွတ်ရာဘုန်းကြီးကျောင်းသို့ ယာယီတိမ်းရှောင်ရောက်ရှိလာသည်ဟုလည်း ထိုကျောင်းတွင် သတင်းသုံးနေထိုင်သည့် သံဃာတော်တစ်ပါးကလည်း လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြထားသည်။

ဖော်ပြပါ အမျိုးသားကပင် ဆက်လက်၍ “ရွာခံတွေကတော့ အရင်လို တောင်ငူမြို့အထိမပြေးကြတော့ဘူး။ ညဘက်ဆို ဘုန်းကြီးကျောင်း ဒါမှမဟုတ် အမျိုးအိမ်တွေမှာလိုက်အိပ်တယ်၊ နေ့ဘက်မှရွာပြန်ပေါ့။ အခုထိတော့ ရွာကလူတွေကိုဖမ်းဆီးတာမရှိသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသတွင် ဖေဖော်ဝါရီလပိုင်းက မြို့တွင်းတိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုအများအပြား ခံခဲ့ရသဖြင့် စစ်ဘေးရှောင် သောင်းနှင့်ချီ တောင်ငူမြို့ပေါ်သို့ ထွက်ပြေးကြရဖူးသည်။ ထိုစဥ်ကတည်းက ထန်းတပင်-တောင်ငူလမ်းပိုင်းပေါ် စစ်တပ်ဂိတ်စခန်းများမှ လူငယ်များအဝင်အထွက် ပိုစစ်ခြင်း၊ ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ကြခြင်းရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် မေလပိုင်းကလည်း ထန်းတပင်မြို့နယ် (၄)မိုင်အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၃၉ မှ တပ်ဖွဲ့ဝင်များက ၎င်းတို့စခန်းရှိရာလမ်းပေါ် ဖြတ်သန်းသွား သည့်ဆိုင်ကယ်စီးနင်းလာသူ လူငယ်အမျိုးသား(၂)ဦးအား ပစ်ခတ်ဖမ်းဆီးသဖြင့် (၁)ဦးသေဆုံးပြီး (၁)ဦးမှာဖမ်းဆီးနှိပ်စက်ခံလိုက်ရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ထုတ်ပြန်ချက်အရ သိရသည်။