Home သတင်း လားရှိုးမြို့ပေါ် ဒရုန်းနှင့်လက်နက်ကြီးကျ၍ တစ်ရက်တည်း အရပ်သား(၇)ယောက်သေ၊ ကိုရင်(၃)ပါးနှင့် အမျိုးသမီး(၆)ဦး ဒဏ်ရာရ

လားရှိုးမြို့ပေါ် ဒရုန်းနှင့်လက်နက်ကြီးကျ၍ တစ်ရက်တည်း အရပ်သား(၇)ယောက်သေ၊ ကိုရင်(၃)ပါးနှင့် အမျိုးသမီး(၆)ဦး ဒဏ်ရာရ

710
Photo: CJ

ဇူလိုင်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်၊မြောက်ပိုင်း လားရှိုးမြို့ပေါ်သို့ ဇူလိုင်လ(၃)ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိသားစုဝင်(၆)ဦး၊ အမျိုးသား(၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို ပန်အုပ်ဘုန်းကြီးကျောင်းမှ ကိုရင်လေး(၃)ပါးနှင့် နောက်ထပ်အမျိုးသမီး(၆)ဦး စုစုပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မြို့နေလူထုမှ သိရသည်။

ယမန်နေ့ တစ်ရက်တည်း လားရှိုး မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သော လက်နက်ကြီးနှင့်ဒရုန်းဗုံးများကျရောက်ပေါက်ကွဲသဖြင့် ရပ်ကွက်(၁)နေ ကလေးငယ်အပါအဝင် မိသား စုဝင်(၆)ဦးနှင့် ပန်အုပ်ဘုန်းကြီးကျောင်းဝင်းနေ အမျိုးသားကြီး(၁)ဦး သေဆုံးခဲ့ပြီး သတင်းသုံးနေထိုင်သည့် ကိုရင်လေး(၃)ပါးနှင့် နောက်ထပ်အမျိုးသမီး(၆)ဦးတို့ လည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

၎င်းမျက်မြင်တွေ့ရှိသူ မြို့ခံအမျိုးသားက “ပန်အုပ်ကျောင်းထဲမှာက အဘိုးကြီးတစ်ယောက်ကပွဲချင်းပြီးသေတယ် ။ ကိုရင်လေး(၃)ပါးနဲ့ မိန်းမ(၂)ယောက်က ထိတာတော်တော်ပြင်းတယ်။ မန္တလေးလမ်းပေါ်က ကုန်စုံဆိုင်မှာ အမျိုးသမီး (၄)ယောက်လောက်ထိတယ်။ အဲဒီမှာကွဲပြီး ၁၅ မိနစ်ပဲခြားတယ်။ ပန်အုပ်ကျောင်းထဲကိုကျတာ ကျနော်ကိုယ်တိုင်သွားကြည့်လာတာ။ ကျောင်းမှာထိတဲ့အရပ်သားတွေက ပြည်တွင်းကနေလာပြီး နေစရာမရှိလို့တောင်းနေကြတဲ့သူတွေ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဒဏ်ရာရရှိသူများအား လားရှိုးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး အသက်ရှင်မရှင် မသိရှိရသေးကြောင်း လားရှိုး မြို့ခံအချို့က ပြောသည်။

ယမန်နေ့မှစ၍ လက်ရှိအချိန်ထိ လားရှိုးမြို့အခြေစိုက် စစ်ဌာနချုပ်နှင့်တပ်စခန်းများကို ညီနောင်မ ဟာမိတ်တပ်များက ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ဇူလိုင်လ (၃)ရက်နေ့တစ်ရက်တည်းတွင်ပင် ထိခိုက်သေဆုံးသူ (၁၆)ဦးရှိနေပြီး နောက်ထပ်ထိခိုက်သေဆုံးသူများ ရှိနေနိုင်သေးကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Photo: CJ

လက်ရှိအနေအထားအရ လားရှိုးမြို့အဝင်အထွက်တွင် ဖြစ်ပွားနေသော ပစ်ခတ်မှုများကြောင့် မြို့နေ ပြည်သူများမှာ ရှောင်ပြေးစရာနေရာမရှိဘဲ ဘေးလွတ်နိုင်မည့်နေရာများတွင်သာ သတိထားနေထိုင်ရသည်ဟု အထက်ပါမြို့ခံအမျိုးသားက မြို့တွင်းအခြေအနေကို ဖြည့်စွက် ပြောပြသည်။

“မနက်ကတော့ လက်နက်ကြီးမြို့ထဲမကျတော့ဘူး တောက်လျှောက်ကတော့ ပစ်ကူပစ်နေတယ်လေ။ ပြေးဖို့ကလည်း အဝင်အထွက်က အကုန်တိုက်ပွဲဖြစ်နေတော့ ပြေးလမ်းကိုမရှိတော့တာ မြေအောက်ခန်းတွေကျင်းတွေတော့တူးတာရှိတယ်” ဟု ၎င်းက ယနေ့မနက်ပိုင်းတွင် ပြောသည်။

ယနေ့မွန်းလွဲပိုင်းအထိ လားရှိုးမြို့ ရပ်ကွက်(၅)၊ စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခမရ(၅၀၇)နေရာတွင် လက်နက်ကြီး၊ ငယ်များ ဆက်တိုက်ပစ်ခတ်နေသလို မြို့တွင်း လူနေရပ်ကွက်များပေါ်သို့ လက်နက်ကြီး များကျရောက်သဖြင့် ထိခိုက်သေဆုံးမှုများ ဆက်လက်ရှိနေကြောင်း လည်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှ စတင်၍ ရှမ်းပြည်မြောက်ပိုင်းမှ ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့အကြား မြို့သိမ်းတိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ရာ တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

Photo: CJ