ဇူလိုင်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ် ပြန်လည်တပ်စွဲနေထိုင်သော ကော့ကရိတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်နေ့က လက်နက်ကြီး(၆)လုံးခန့်ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြို့တွင်ပြန်လည်နေထိုင်ကြသူ ဒေသခံအချို့လည်း မြို့မှထပ်မံတိမ်းရှောင်သွားကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ထိုနေ့ည (၉)နာရီဝန်းကျင်က ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်များသို့ ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကြောင့် အမှတ်(၃)ရပ်ကွက်နေ ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦး ဒူးဆစ်ပိုင်းနှင့်ဆီးခုံတို့တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်း ကော့ကရိတ်မြို့ခံအချို့က ပြောသည်။
“သူက သူ့အိမ်မှာဖုန်းသုံးနေတာ ဖြစ်ဖြစ်ချင်း စစ်တပ်ဆေးရုံကိုပို့တယ်တဲ့ ခြေထောက်ကိုထိတယ် ဆီးခုံကိုလည်း သုံးချက်ထိတယ်။ လက်နက်ကြီးက အားလုံးပေါင်းပစ်တာ (၆)လုံး အမှတ်(၃) ရပ်ကွက်ကို တစ်လုံးကျတယ်။ အမှတ်(၆)ရပ်ကွက်ကို ၅ လုံးကျတယ်။ ဘယ်ဘက်ကပစ်သလဲတော့မသိဘူး ။ ရပ်ကွက်(၆)ဘက်မှာတော့ ထိခိုက်မှုမရှိဘူး” ဟု ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သော အမျိုးသားမှာ ဒဏ်ရာပြင်းထန်သဖြင့် ယမန်နေ့ ဇူလိုင်လ(၃)ရက်နေ့က သေဆုံးခဲ့ပြီဖြစ်ကြောင်းနှင့် နောက်ထပ်ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း မြို့ခံအချို့၏ပြောပြချက်အရ သိရသော်လည်း အသေးစိတ်ကို ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလပိုင်းကတည်းက စစ်ကောင်စီမှ ၎င်းတို့ဌာနဆိုင်ရာရုံးများလည်ပတ်မှု စတင်လုပ် ဆောင်ခြင်းနှင့် အုပ်ချုပ်ရေး ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် ကော့ကရိတ်မြို့ပေါ်သို့ ဒေသခံများပြန်လည်နေထိုင်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့ရာ စစ်ရှောင်ရာအရပ်ဒေသတွင် နေထိုင်မှုအခက်အခဲရှိသည့် ပြည်သူအများစုမှာ မြို့တွင်းပြန်ဝင်နေထိုင်ကြခြင်းဖြစ်သည်။
ဒေသခံအချို့၏ပြောပြချက်အရ မြို့အနီးဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က ဒရုန်းနှင့်လက်နက်ကြီး ပိုမိုအသုံးပြုလာကြောင်း သိရသလို ဇူလိုင်လ (၂)ရက်နေ့ကဖြစ်စဥ်တွင် မြို့ပေါ်ထိပါ လက်နက်ကြီးကျ၍ အထိအခိုက်ရှိလာသဖြင့် နေရပ်ပြန် နေသူအချို့ဒေသခံများမှာ မြို့မှထပ်မံတိမ်းရှောင်ခဲ့ကြကြောင်းလည်း ကော့ကရိတ်မြို့ခံအမျိုးသားက ဆက်ပြောသည်။
၎င်းက “ရပ်ကွက်တွေမှာတော့ ပြန်နေတာ ၂ ထောင်ကျော်ပြီ။ အခုလက်နက်ကြီးကြောက်လို့ မနေ့က မှပြန်ထွက်သွားတာ ၅၀၀ ရာလောက်ရှိတယ်။ ပြည်သူကဖြစ်ထားတယ်ဆိုတော့ အရမ်းကြောက်ကြပြီ။ အဲဒါကြောင့်ပြန်ထွက်သွားကြတာ (၃)ပုံ(၁)ပုံလောက်တော့ ပြန်ထွက်သွားတယ်လို့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။
ထို့အပြင် လက်ရှိတိုက်ပွဲများကြောင့် ကော့ကရိတ်မြို့အနီးကျေးရွာနေသူများမှာ မိမိနေ ရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးသလို လုံခြုံရေးကြောင့် အသက်မွေးဝမ်းကျောင်းမှုနှင့်လယ်လုပ်ငန်း လုပ်ကိုင်ခွင့်မရကြဘဲ စားဝတ်နေရေးအခက်အခဲဖြစ်ရကြောင်း စစ်ဘေးရှောင်နေရသူများထံမှ သိရသည်။
မြေပြင်စစ်ရေးပိုင်းအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်းမှာ ထိခိုက် ကျဆုံးမှုများနေပြီး အင်အားဖြည့်ရန်အတွက် စစ်သင်တန်းအပတ်စဥ်တပ်(၁) သင်တန်းဆင်းများကို ဖားအံမှတဆင့်ကော့ကရိတ်မြို့တွင်းသို့ စစ်ကောင်စီက နေ့စဥ်ပို့ဆောင်နေကြောင်း လည်း ကော့ကရိတ်သတင်းအရင်းအမြစ်များက ဆိုသည်။



















