Home သတင်း ရှမ်းမြောက်တွင် ဖြစ်ပွားသည့် ၁၂ ရက်တာ တိုက်ပွဲအတွင်း ဒေသခံ(၄၀)ကျော်သေဆုံးခဲ့

ရှမ်းမြောက်တွင် ဖြစ်ပွားသည့် ၁၂ ရက်တာ တိုက်ပွဲအတွင်း ဒေသခံ(၄၀)ကျော်သေဆုံးခဲ့

631
Photo :Social Media

ဇူလိုင်လ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် တကျော့ပြန်ဖြစ်ပွားနေသည့် တိုက်ပွဲကာလအတွင်း ဒေသခံပြည်သူ စုစုပေါင်း (၄၀)ကျော်သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) စစ်ဒေသ(၂)နယ်မြေရှိ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ လားရှိုး မြို့နယ်များတွင် (၁၀၂၇)တကျော့ပြန် စစ်ဆင်ရေးကြောင့် TNLA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိရာ တိုက်ပွဲဖြစ်ပွားသည့် (၁၂) ရက်တာ ကာလအတွင်း ဒေသခံပြည်သူ (၄၄)ဦး သေဆုံးခဲ့ပြီး (၅၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအရပ်သား သေဆုံးမှုများမှာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီး ရမ်းသမ်းဖြစ်ခတ်မှုများကြောင့် ရပ်ကွက်အတွင်းရှိ ဒေသခံနေအိမ်များအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ထိခိုက်သေဆုံးမှုများဖြစ်ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့အပြင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် (၇၀) ကျော် ထိခိုက်ပျက်စီးခဲ့သလို ဒေသခံ သုံးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

ကျောက်မဲမြို့မှ စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက “လက်ရှိမှာတော့ နီးစပ်ရာနေရာ တွေမြို့တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် နေရတယ်။ အရပ်သား သေဆုံးမှုတွေကလည်း ရှိလာတော့။ အခုက လက်နက်ကိုင် အချင်းချင်းမနိုင်တော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက် တဲ့ပုံစံမျိုးတွေကို တွေ့လာရတယ်။ လားရှိုးဘက်မှာဆိုရင်လည်း ကားတွေမှာ အလံဖြူတွေကိုထောင်ပြီး မြို့ကို စွန့်ခွာနေကြပြီး။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲအတွင်း အရပ်သားများကို ပစ်မှတ်ထား၍ လက်နက်ကြီးများနှင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှတ်တစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်းလည်း TNLA က ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ(၂၅)ရက်နေ့တွင် ပြန်လည်စတင်သည့် (၁၀၂၇) တကျော့ပြန် စစ်ဆင်ရေးသည် လက်ရှိ အချိန်တွင် မိုးကုတ်မြို့နယ် အနောက်ပိုင်းတွင် TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက် ထားပြီး မိုးကုတ်အရှေ့ပိုင်းတွင်လည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။