Home သတင်း ကော့ကရိတ်၊ မြဝတီ နှစ်ဘက် စလုံးမှ KNLA မဟာမိတ်တပ်နေရာများကို စစ်ကောင်စီတပ် တိုက်ခိုက်နေ

ကော့ကရိတ်၊ မြဝတီ နှစ်ဘက် စလုံးမှ KNLA မဟာမိတ်တပ်နေရာများကို စစ်ကောင်စီတပ် တိုက်ခိုက်နေ

945
Photo: CJ

ဇူလိုင်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နှင့် မြဝတီမြို့ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူး ပေါင်းမဟာ မိတ်တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားသည့် နေရာများဘက်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက် နေ့မှစပြီး နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များအရ သိရသည်။

“ကော့ကရိတ်မှာ စစ်တပ်က အောင်ဇေယျ စစ်ဆင်ရေးက စစ်ကြောင်းထွက်တဲ့နေရာတွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ ရွာတွေကို စစ်တပ်က လက်နက်ကြီး ကျတာတွေကြောင့် ထိခိုက်တာတွေ ရှိတယ်။ မြဝတီလမ်းဟောင်းဘက် တံတားကျိုးဘက်မှာလည်း ခလရ ၂၇၅ က ပစ်တာကြောင့် ထိခိုက်တာရှိနေတယ်။ ခရီးသွားကားတွေ သွားတဲ့ လမ်းဘက်ကို စစ်တပ်က ပစ်တာတွေနေတယ်။ မြေပြင်တိုက်ပွဲကတော့ ကော့ကရိတ်နဲ့ မြဝတီနှစ်ဖက်ညှပ်ပြီး စစ်တပ်က တိုက်တဲ့ပုံစံဖြစ်နေတယ်”ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ မြဝတီရှိ ခြေလျင်တပ်ရင်း (ခလရ ၂၇၅)တပ်က ဒေါနတောင် လမ်းဟောင်းတံတားကျိုးနေရာဘက် လက်နက်ကြီးပစ်ထုတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိသလို ပြီးခဲ့သည့် ဇူလိုင်လ၂ ရက် က ကော့ကရိတ်၊ နောင်နိုင်းကျေးရွာဘက်ကို ခလရ ၉၇ တပ်က လက်နက်ကြီး ပစ်ထုတ်မှုကြောင့် အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာ ရရှိမှုရှိကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဒေသတွင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည့် အခြေအနေမှာ ယနေ့ နေ့လည်ပိုင်းအထိ မြဝတီမြို့ဘက်တွင် ခလရ ၂၇၅ အနီးရှိ ရွှေမြစန္ဒီကွက်သစ်၊ ရွာသစ်ကုန်းနေရာများဘက်တွင် KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားနေကြောင်း မြဝတီ မြို့ခံများက ပြောသည်။

မြဝတီမြို့ခံတစ်ဦးက “ညက ၂၇၅ တပ်က လမ်းဟောင်းဘက်ပစ်တယ်။ အခုမနက်လည်း ပစ်ထုတ်တယ်။ သင်္ဃန်း ညီနောင်ဘက်လည်းပစ်နေတယ်။ အခုမြစန္ဒီရပ်ကွက် ဘက်ပစ်နတယ်။ စစ်တပ်ကစပြီး ပြန်ပစ်ပြီးဆိုတော့ ၂၇၅ ဘက် ပြန်တိုက်လာတယ် ထင်တယ်။ အခုတော့ မြဝတီမြို့ထဲတော့ စစ်တပ်တို့ BGF တို့ သိပ်ပြီး လှုပ်ရှားတာ တော့မရှိဘူး။ မြို့ပြင်ဘက်က လက်နက်ကြီးအသံကတော့ ကြားနေရတယ်” ဟု ပြောသည်။

ယခု ရက်ပိုင်းအတွင်း အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းများ ‌‌‌‌‌‌ကျုံဒိုး၊ ကော့ကရိတ်ကျေးရွာများဘက်တွင် စစ်အင်အား တိုးချဲ့နေရာယူစစ်ကြောင်း ပတ်နေပြီး လှိုင်ဝအမြှောက်တပ်၊ ခလရ ၅၄၅၊ ၅၄၆ တပ်၊ ခလရ ၉၇ တပ် ၊ နဘူး ခမရ ၅၄၈၊ ၅၄၉ စစ်တပ်များမှ ကျေးရွာများဘက်သို့ လက်နက်ကြီး ခြောက်လှန့်ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။