ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် (၅) မိုင်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက် လာသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၈၅) တပ်ဖွဲ့ဝင်များကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗိုလ်မှူးအဆင့်တစ်ဦးနှင့် တပ်ကြပ်အဆင့် ၄ ဦး သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။
အင်အား(၅၀)ပါ ထိုစစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)၏ တပ်ရင်း (၇)၊တပ်ခွဲ(၅)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း နှင့် ပုလောဒေသကာကွယ်ရေးတပ် (PRDF) စသည့် မဟာမိတ်ပူးပေါင်းတပ်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဖလော်စိုးဝင်းက ပြောသည်။
၎င်းက “ပုလောမြို့နယ်ထဲက ခလရ-၂၈၅ တပ်ဖွဲ့တွေက စစ်ရေးအရ လှုပ်ရှားလာတာ တွေရှိတယ်။ ပြီးတော့ မြို့အပြင်မှာ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်လာတာရှိတယ်။ နောက်ပြီးတော့ (၅)မိုင်ရွာကို စစ်ကြောင်းထိုးဖို့ လုပ်ဆောင်နေတဲ့အတွက်ကြောင့် အခုလို နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ကုန်တာ။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးသက်ထွန်းအောင်၊ တပ်ကြပ်ကြီး ခင်မောင် သိန်း တပ်ကြပ် ခိုင်လင်းအောင်၊ တပ်ကြပ်တင်စိုးနှင့် ဒု-တပ်ကြပ် သန်းဦးမြင့် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၂ ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်းလည်း ကေအဲန်ယူက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA-7 ၆၀မမ စိန်ပြောင်း (၁)လက်၊ ၆၀မမ ကျည် (၃)ခု၊ MA-1 ရိုင်ဖယ် (၁)လက်၊ MA-2 အပေါ့စားစက်သေနတ် (၂)လက်၊ MA-3 ရိုင်ဖယ် (၃)လက်၊ MA-5 ပစ္စတို (၁)လက်အီနဂါ (၁)ခု၊ လက်ပစ်ဗုံး (၈)လုံး၊ MA-14 နင်းမိုင်း (၃)ခု၊ MA ကျည်ဘောက် (၂၇)ခု၊ MA-2 ကျည်ဘောက်အဝိုင်း (၂)ခု၊ ၅.၅၆ (ကပစ) ကျည် (၂၄၁၂)တောင့်၊ စစ်ဦးထုပ် (၆)လုံး၊ စကားပြောစက်(အသေး) (၁)လုံး၊ လက်ကိုင်ဖုန်း (၄)လုံး၊ ကျည်ကာအင်္ကျီ (၅)စုံ၊ အီကွေးမင်း (၅)ခုနှင့် ကျောပိုးအိတ် (၁)လုံး တို့ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ထားချက်အရ သိရသည်။



















