Home သတင်း နောင်ချိုမြို့ရှိ စစ်ကောင်စီစခန်းအားလုံး တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း TNLA ထုတ်ပြန်

နောင်ချိုမြို့ရှိ စစ်ကောင်စီစခန်းအားလုံး တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း TNLA ထုတ်ပြန်

725
Photo: (MDY-PDF)

ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁) ဗျူဟာမှူး အခြေချကွပ်ကဲလျက်ရှိသည့် တပ်စခန်းအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တိုက ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ် ကြောင်း (TNLA)မှ ယနေ့ သတင်း ထုတ်ပြန်ထားသည်။

နောင်ချိုမြို့ကို (၁၀၂၇) စစ်ဆင်ရေးအပိုင်း (၂)အဖြစ် TNLA နှင့် ပူးပေါင်းတပ်ဖွဲတို့က ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက် ခိုက်ခဲ့ပြီးနောက် ဇူလိုင် ၁၀ ရက်နေ့ (၃)နာရီအချိန်တွင် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း (ခမရ-၁၁၄) ၊(ခမရ-၁၁၅)၊ ဒုံးတပ်ရင်း (၆၀၆) နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင် စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောင်ချိုတိုက်ပွဲအပြီးတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီး အပါ အဝင်၊ လေယာဉ်ပစ်လက်နက် (၂) လက်၊ Radar စက် (၁) လုံး၊ လက်နက်မျိုးစုံ (၁၃၉) လက်၊ (၆၀ မမ) (၁၅) လက်၊ (၈၀ မမ) (၂) လက်၊ စက်လက် (၁၇) လက်၊ ဒုံးပစ်ကျည် (၁၀) သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၁၀၂၇) စစ်ဆင်ရေး အပိုင်း(၂)ကို ပြီးခဲ့သည့် ဇွန်(၂၅) ရက် နေ့တွင် စတင်ပြီး နောက်ပိုင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်မှုများ ကြောင့် ဇူလိုင်လ(၁၀) ရက်နေ့အထိ အရပ်သား (၅၄) ဦးသေဆုံးပြီး (၈၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

Photo: (MDY-PDF)

လက်ရှိအချိန်ထိ ရှမ်းပြည်မြောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ထောင်နှင့်ချီ သည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအကူအညီများလည်း လိုအပ်နေပြီး တိုက်ပွဲအတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေကြောင်း Shan Human Rights Foundation -SHRF မှ ပြောရေး ဆိုခွင့်ရှိသူ ယိင်းလျန်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒေသခံတွေဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေကို လုပ်လာ တယ်။ ပြီးကျတော့ တိုက်ပွဲတွေကလည်း ရှိနေတုန်းပဲ။ စစ်ဘေး ရှောင်တွေအတွက်က လက်ရှိမှာ စားနပ် ရိက္ခာက အရေးတကြီး လိုအပ်နေတယ်။ အဲ့လိုမျိုး စစ်တပ်က ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်ထား တာတွေကို မှတ်တမ်းယူ ထားတယ်။ Justice (တရားမျှတခြင်း)ကာလ ရောက်လာတဲ့ အချိန်ကျရင် ဒါတွေကို အရေးယူနိုင်ဖို့လည်း မျှော်လင့်ပါတယ်။” ဟု ပြောသည်။

အလားတူ နောင်ချိုမြို့ တိုက်ပွဲအတွင်း စစ်ကောင်၏ လက်နက်ကြီး နှင့် လေကြောင်း တိုက်ခိုက် မှုများကြောင့် ဒေသခံ (၁၀)ဦး သေဆုံးခဲ့ပြီး(၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစထိမှန်ပျက်စီးခဲ့ပြီး လူနေအိမ် (၉)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နောင်ချိုမြို့သိမ်းတိုက်ပွဲတွင် TNLA အပါအဝင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF) နှင့် DPLA စသည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ပါဝင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။