Home သတင်း ဒရုန်းနှင့်လက်နက်ကြီးကြောင့် ကျောက်ကြီးဒေသခံ အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၁) ဦး ပွဲချင်းပြီး သေဆုံး၊ စာသင်ကျောင်းနှင့်လူနေအိမ်များ ပျက်စီး

ဒရုန်းနှင့်လက်နက်ကြီးကြောင့် ကျောက်ကြီးဒေသခံ အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၁) ဦး ပွဲချင်းပြီး သေဆုံး၊ စာသင်ကျောင်းနှင့်လူနေအိမ်များ ပျက်စီး

631
Photo: CJ

ဇူလိုင်လ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက် ကြီးမြို့ နယ်ရှိ ကျေးရွာများသို့ ဇူလိုင်လ(၈)ရက် ယမန်နေ့က တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီမှ ဒရုန်းနှင့် လက်နက် ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၁)ဦး၊ အမျိုးသား(၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို စာသင် ကျောင်းနှင့်လူနေအိမ်(၄)လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဟာရီးကျေးရွာအုပ်စု၊ ဘာဘူကုန်းနှင့် ရမ်းမကျန်း ကျေးရွာအကြား ရန်ကုန်-မန္တလေးကားလမ်းပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ခင်ကျေးရွာအုပ်စုအတွင်း ဒရုန်းဗုံးကြဲချသဖြင့် လေးအိမ်စုရွာနေ အသက်(၄၂)အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးပြီး ၎င်းတို့နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲက နွေတုန်းကပဲဖြစ်ထားတာ အခုကတိုက်ပွဲဖြစ်တာမဟုတ်ဘူး၊ အဲ့လိုပဲ KNU ရှိတယ် ဆိုတဲ့ရွာတွေဆိုပြီး သပ်သပ်ထုချတာ။ မနေ့က ဒရုန်းခြောက်စီးလောက်လာလို့ လယ်ထဲမှာ စပါးကြဲ တဲ့သူတွေအကုန် ပြန်ပြေးတက်လာကြတယ်။ ပြီးတော့ လေးအိမ်စုက အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် နှစ်ယောက်သေသွားတယ်။” ဟု ကျောက်ကြီးမြို့နယ်နေ ဒေသခံအမျိုးသားတစ်ဦးက‌ ပြောသည်။

ထို့အပြင် ယမန်နေ့ မွန်းတည့်ချိန်မတိုင်မီ ၁၁ နာရီဝန်းကျင်ကလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင် စီ၏ ခြေမြန်တပ်ရင်း (ခမရ-၂၆၄) တပ်နှင့် (ခမရ-၄၃၉)တပ်တို့မှ လက်နက်ကြီးများ ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် တောင်ခင်ကျေးရွာ အထက်တန်းစာသင်ကျောင်းအပါအဝင် လေးအိမ်စုရွာမှ ဒေသခံ နေအိမ်(၁)လုံးနှင့် ရွာမကြီးကျေးရွာမှ နေအိမ်(၁)လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟုလည်း ကေအဲန်ယူသတင်းအရင်းအမြစ်ထံ မှ သိရသည်။

Photo: CJ

အဓိကအားဖြင့် ပိန်းဇလုပ်စစ်ကောင်စီတပ်မှ နီးစပ်ရာကျေးရွာများဘက်သို့ လက်နက်ကြီးမကြာခဏ ပစ်လေ့ရှိသော်လည်း ကာလကြာရှည် စစ်ဘေးရှောင်မနေနိုင်သည့်အခြေအနေကြောင့် ဒေသခံများမှာ အသက်အိုးအိမ်ခြိမ်းခြောက်မှု နေ့စဥ်ရင်ဆိုင်နေရသည့်အကြား မိမိတို့ရပ်ရွာအတွင်း သတိဖြင့်နေထိုင်ရခြင်းဖြစ်သည်။

ကျောက်ကြီးဒေသခံအမျိုးသားက ဆက်လက်၍ “နေ့တိုင်းပစ်နေတာပဲ မနေ့က တောင်ခင် အထက် တန်းစာသင်ကျောင်းလည်း တစ်လုံးလား၊ နှစ်လုံးလား ကျလို့ အမိုးတွေပြိုတယ်။ လေးအိမ်စုဆို ပိန်း ဇလုပ်တပ်နဲ့က လက်တစ်ကမ်းလောက်ပဲရှိတာ။ အဲဒီရွာကလူတွေက သတင်းနားထောင်ပြီး နေကြတာ ပေါ့၊ နည်းနည်းလေးငြိမ်တယ်ဆို ပြန်နေကြတာပဲ အသံကြားလို့ သတိတွေဘာတွေပေးမှသာ ရှောင်ကြတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ညောင်လေးပင်ခရိုင်တွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်၏ စစ်ရေးအရှိန်သည် တစ်စထက်တစ်စ မြင့်တက်လာခဲ့သလို စစ်တပ်က ပြည်သူလူထု နေထိုင်ရာကျေးရွာများကို တိုက်ခိုက်မှုကြောင့် လက်ရှိ ခရိုင်တစ်ခုလုံးအားဖြင့် စစ်ရှောင်ဦးရေ ၅ သိန်းနီးပါးရှိနေကြောင်း KNUပြုစုထားသော စာရင်းအရသိရသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လပိုင်းက ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ယခင်တိုက်ပွဲကြောင့် တောတွင်း ရွှေ့ပြောင်းရှောင်တိမ်းနေရသော စစ်ဘေးရှောင် နေရာများကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေထိုင်ရာ အခက်အခဲဖြစ်သွားသည်ဟုလည်း KNU ညောင်လေးပင်ခရိုင်၏တာဝန်ရှိသူက ပြောဆိုသည်။