ဇူလိုင်လ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-ကရင်နယ်စပ် လမ်းကြောင်းများမှတဆင့် တင်သွင်းရောင်းဝယ်နေကြသည့် ကျွဲ၊ နွားများကို ထိုင်းနိုင်ငံ ဘက်ခြမ်းက အဝယ်ရပ်ထားသောကြောင့် ကရင်ပြည်နယ်၊ ဒေသအတွင်း ကျွဲ၊ နွား စျေးများ အဆမတန် ကျဆင်း နေကြောင်း ရောင်းဝယ်သူများက ပြောသည်။
ပြီးခဲ့သည့်မေလကတည်းကစ၍ ကရင်-ထိုင်း နယ်စပ်လမ်းကြောင်းမှတဆင့် နားလည်မှုဖြင့် တင်သွင်း ရောင်းချနေသည့် ကျွဲ၊ နွားများကို ထိုင်းဘက်ခြမ်းက အဝယ်ရပ်ထားသောကြောင့် ဒေသတွင်း ကျွဲ၊ နွားများကို ဝယ်ယူသူမရှိဖြစ်နေ၍ စျေးနှုန်းလည်း အဆမတန်ကျဆင်းသွားသည်ဟု နယ်စပ်လမ်းတနေရာတွင် ကျွဲ(၆)ကောင် လာရောက်ရောင်းချသူ လှိုင်းဘွဲမြို့နယ်ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ဒီနွေကတည်းက ဦးရဲ့ ကျွဲကို လာပို့ထားတာ။ အားလုံး (၆)ကောင်ရှိတယ်။ တစ်ကောင်ကို ဘတ်တစ်သောင်း နှစ်ထောင်နဲ့ပဲ စျေးဖြတ်လိုက်ရတယ်။ အဲ့မှာ ၂ လ ကျော်လောက်ထားတာ။ ဟိုဘက်ကမ်းက မဝယ်တော့ အခု ရွာကို ပြန်ယူသွားရတော့မယ်။ ကောက်ရိုးဖိုးနဲ့တင်တော်တော်ရှုံးနေပြီး။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်က ထိုင်းဘက်ခြမ်းမှ အဝယ်ဖွင့်ထားစဉ်ကာလများတွင် ကျွဲ၊ နွား ပေါက်စျေးမှာ အရွယ်အစားအပေါ် မူ တည်ပြီး ဘတ်နှစ်သောင်းကျော် နှင့် သုံးသောင်းဝန်းကျင် စျေးပေါက်သော်လည်း လက်ရှိတွင် နယ်စပ် စျေး နှုန်းအရ ဘတ်တစ်သောင်းကျော် နှင့် ဒေသကျေးရွာများတွင် ကျပ်ငွေ ၅ သိန်းဝန်းကျင်သာ စျေးပေါက် တော့ကြောင်း ကျွဲ၊ နွားမွေးမြူသည့် ဒေသခံများက ပြောသည်။
ယခုလို ကျွဲ၊ နွား များ ဝယ်သူမရှိဘဲ စျေးနှုန်းအဆမတန် ကျဆင်းမှုကြောင့် နယ်စပ်သို့ ရောက်ရှိသောင်တင် နေသည့် နွားများကို ဖော်ရောင်းရသလို ကျေးရွာများတွင် ဝင်ငွေလိုအပ်ချက်အရ နွားများကိုဖော်ရောင်းကြ သော်လည်း အရှုံးပေါ်ကြောင်း နယ်စပ်ရွာတစ်ရွာမှ နွားမွေးမြူသူ ဒေသခံရွာသားတစ်ဦးက ပြောသည်။
၎င်းက “အခု အမဲသားဆိုရင် မစားချင်တော့ဘူး။ အမြဲစားနေရတယ်။ ကျွဲ၊ နွား စျေးမှ မရှိတော့တာ။ ဟို ဘက်ကမ်းကလည်း မဝယ်တော့ မရောင်းကြရဘူး။ အဲ့တော့ ဖော်ရောင်းကြရကော ပိုက်ဆံလိုရင်။ အခု နွား တစ်ကောင်မှ ၄ သိန်း ၅ သိန်းပဲ ရှိတော့တယ်။ ဒါတောင် ဝယ်မဲ့သူမရှိဘူး ဖြစ်နေတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
ထိုင်းနိုင်ငံဘက်ခြမ်းမှ အဝယ်ပိတ်လိုက်ရသည့် အကြောင်းအရင်းများကို အသေးစိတ်မသိရှိရသော်လည်း မြန်မာပြည်ဘက်ခြမ်းမှ ဝင်လာသည့် ကျွဲ၊ နွားများမှာ အဝယ်မလိုက်သောကြောင့် ဝယ်ယူမှုကို ရပ်လိုက်ခြင်းဖြစ် နိုင်ကြောင်း နွားကုန်သည်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
နယ်စပ် လမ်းကြောင်းမှတဆင့် ထိုင်းဘက်ခြမ်းမှ ကျွဲ၊ နွား အဝယ်ပိတ်လိုက်ခြင်းမှာ ယခုနှစ်အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး ကျွဲ၊ နွားကုန်သည်များလည်း အရှုံးပေါ်နေကြကြောင်း သိရသည်။



















