ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) က စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်မှ ၂၀၂၄ ခုနှစ် မေလကုန်အထိ ပြည်သူလူထုအတွက် လူသားချင်းစာနာမှုအဖြစ် ကျပ်ငွေ(၁၂.၈)ဘီလီယံကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ (၁၀)ရက်နေ့တွင် ပြုလုပ်သော MOHADM နှင့် ကျန်းမာရေးဝန်ကြီးဌာန-MOH တို့၏ လူသား စာနာအရေးကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်ချက်နှင့်မျှော်လင့်ချက်များ ပူးပေါင်းသတင်းစာရှင်းလင်းပွဲတွင် MOHADM ၏ (၃)နှစ်တာလုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခြင်းအစီအစဥ်အတွင်း ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။
(၃)နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးအားဖြင့် မြန်မာကျပ်ငွေ သန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ၏စာရင်းများအရ မြန်မာပြည်ရှိစစ်ဘေးရှောင် ဦးရေ ၃ သန်းကျော်အနက် စစ်ရှောင်ဦးရေ ၃ သိန်းခန့်ကိုသာ လက်ရှိတွင် ထောက်ပံ့ပေးနိုင်သေးကြောင်း MOHADM ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
“ပျှမ်းမျှ စစ်ရှောင် ၃ သိန်းကို လစဥ်ထောက်ပံ့နေတယ်ဆိုတာလည်း စစ်ရှောင်အနေနဲ့အလိုအပ်ဆုံးသူ ၁၅ ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။ တော်လှန်ရေးကြာတာနဲ့အမျှ ရေရှည်စစ်ရှောင်နေရတဲ့သူတွေလည်း များလာတယ်။ စစ်ကိုင်းမှာဆိုရင်ပဲ ရေရှည်စစ်ရှောင် ၄ သိန်းကျော်ရှိတယ်။ အဓိကကတော့ စစ်ကောင်စီရဲ့ နှောင့်ယှက်မှုတွေကြောင့် ကျနော်တို့လူသားစာနာမှုပေးရာမှာ အခက်အခဲရှိတာပေါ့” ဟု ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ဆိုထားသည်။
ထို့အပြင် သတင်းစာရှင်းလင်းပွဲကို ပြည်သူ့ကျန်းမာရေးဆောင်ရွက်မှုဆိုင်ရာ စိန်ခေါ်ချက်များ၊ စစ်ကောင်စီ ၏ပြည်သူလူထု ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် နေရပ်ရှောင်တိမ်းရသော စစ်ဘေးရှောင်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်မှုအခြေအနေ စသည်တို့ကို ပြည်သူသိရှိနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သလို အကူအညီရရှိမှုအတွက် နိုင်ငံတကာထောက်ပံ့မှု ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်နေ ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအတွက် နိုင်ငံတကာမှ အကူအညီပေးနေသည်ဆိုသော်ငြား မြေပြင်တွင် အမှန် တကယ်လိုအပ်နေသူများထံ အကူအညီရောက်ရှိရန် ခဲယဥ်းနေပြီး အကူအညီအများစုမှာ စစ်ကောင်စီ လက်အောက်မှမလွတ်ကင်းသော ပုံမှန်လမ်းကြောင်းများကိုသာ အသုံးပြုနေခြင်းကြောင့် ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် ပြည်သူလူထု၏ရင်တွင်းစကားသံများ၊ (MOHADM) ၏ ၃ နှစ်တာကာလအတွင်း လုပ်ဆောင်ချက်များ တင်ပြခြင်း အစီအစဥ်ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန(MOH) ၏ ပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးနှင့်တာဝန်ရှိသူမှ တင်ပြခြင်း အစီအစဥ်ကိုလည်း ဆက်လက်ပြုလုပ်ခဲ့သည်။
MOH အနေဖြင့်လည်း စစ်တပ်ကအာဏာသိမ်းယူထားသည့် ကာလအတွင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု အတွက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်ထားကြသည့် ကျန်းမာရေးလုပ်သား (၄၅,၀၀၀) ကျော်ဖြင့် လက်တွဲလုပ်ဆောင်နေပြီး ပြည်သူမှပြည်သူသို့ အစီအစဥ်၏အောက်မှ ရရှိလာသော ရန်ပုံ ငွေများဖြင့်သာ အဓိကအားဖြင့် ထောက်ပံ့ဝန်ဆောင်မှု လုပ်ဆောင်နေရကြောင်း သတင်းစာရှင်းလင်းပွဲတွင် တင်ပြချက်အရ သိရသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာနနှစ်ခု၏ ပူးပေါင်းသတင်းစာရှင်းလင်းပွဲကို အွန်လိုင်းအစီအစဥ်ဖြင့် မနက် ၁၀ နာရီမှ နေ့လည် ၁၁ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာန(၂)ခုမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တာဝန် ခံများ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော်နှင့်သတင်းမီဒီယာသမားများ စုစုပေါင်း လူဦးရေ (၁၀၀) နီးပါးတက်ရောက်ခဲ့ကြသည်။