ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့၊ အောင်သပြေလမ်းနေ အမျိုးသားတစ်ဦး ပြီးခဲ့သည့် ဇူလိုင်လ (၇)ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီး လက်ရှိအချိန်ထိ မိသားစုဝင် များနှင့် အဆက်အသွယ်ပြတ်နေကြောင်း နီးစပ်သူကျိုက်ထိုမြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။
ဖမ်းဆီးခံလိုက်ရသည့် အမျိုးသားမှာ ကျိုက်ထိုတော်လှန်ရေး အင်အားစု-KRF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖခင် ဟုပြောဆိုနေကြပြီး ထိုနေ့ ညနေ(၆)နာရီဝန်းကျင်က ၎င်းနေထိုင်ရာနေအိမ် လမ်းထိပ်တွင် စစ်ဆေးမေးမြန်းခြင်းမရှိ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့ခံအမျိုးသားက ပြောသည်။
“သူတို့က အိမ်ချိတ်ပိတ်ခံရလို့ ပြောင်းနေနေတာ ဖမ်းသွားတာက လက်ရှိသူတို့နေတဲ့ အိမ်လမ်းထိပ် နားမှာ အိမ်ကနေအပြင်သွားဖို့ထွက်တုန်း အဖမ်းခံလိုက်ရတာ။ အခုအိမ်က သူ့ကိုဆက်သွယ်လို့မရဘူး ။ သူ့မိန်းမလည်း ရှောင်နေပြီ” ဟု အဆိုပါမြို့ခံအမျိုးသားက ကေအိုင်စီသို့ ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် KRF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံထံသို့ ကေအိုင်စီအနေဖြင့် ချိတ်ဆက်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးသလို အဖွဲ့မှ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။ သို့သော် KRF အဖွဲ့ဝင်၏ဖခင် ဖမ်းဆီးခံရသည့်ဖြစ်စဥ် မှန်ကန်ကြောင်းနှင့် အဖွဲ့တွင်း ထိုကိစ္စအပေါ် ဆွေးနွေးနေကြောင်း KRF နှင့် နီးစပ်သူထံမှ သိရသည်။
ထို့အပြင် ကျိုက်ထိုမြို့နယ်တစ်ခုတည်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်း ပရဟိတအဖွဲ့ဝင်များအပါအဝင် ဒေသခံအမျိုးသား (၃၀) ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့်ဆက်နွယ်မှုရှိပါက စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေး၍ ထောင်တွင်းအကျဥ်းချခြင်းများ လုပ်ဆောင်လေ့ရှိသည်ဟုလည်း ဒေသသတင်းအရင်းအမြစ်များက ဆိုသည်။
မွန်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ နောက်ပိုင်း လူငယ်အမျိုးသားများ ပုံစံအမျိုးမျိုးဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံနေရပြီး ဖမ်းဆီးခံရသည့် အကြောင်းအရင်းမှာ များသောအားဖြင့် PDF များနှင့် ထိတွေ့ ဆက်ဆံမှု၊ ထောက်ပံ့ပေးမှု စသော သံသယ၊ စွပ်စွဲချက်များ ဖြစ်ကြောင်း ဒေသခံများနှင့် ဒေသတွင်းမီဒီယာများမှ ပြောဆိုဖော်ပြချက်အရ သိရသည်။–



















