မဲ့သဝေါလမ်း ကုန်သွယ်နိုင်ရေးအခြေအနေနှင့်ပတ်သက်၍ ဖားအံခရိုင် ဥက္ကဋ္ဌနှင့် ဆက်သွယ်မေးမြန်းခြင်း။
ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။
“ပြည်သူအကျိုးအတွက် တရားဝင်ဖြစ်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ ကျနော်တို့ဒီမှာ စဥ်းစားနေတဲ့ Process မှာပဲ ရှိသေးတယ်။ ” ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဖားအံခရိုင်/တပ်မဟာ(၇)နယ်မြေ၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲ့သ ဝေါလမ်းကို ကုန်သွယ်ရေးအတွက် အသုံးပြုရန် ကရင်နယ်ခြားစောင့်တပ်-BGF က ထိုင်းနိုင်ငံအပါအဝင် KNU ဖားအံခရိုင်နှင့်ပါ ညှိနှိုင်းလုပ်ဆောင်နေသည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ဇွန်လကုန်ပိုင်းမှစ၍ ကုန်တင်ယာဥ်အချို့ အသွားအလာပြုလုပ်နေကြသည်ကို တွေ့ရှိလာရသည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် KNU အနေဖြင့် ညှိနှိုင်းချက်ကို သဘောတူခဲ့ခြင်းရှိမရှိ၊ လက်ရှိလမ်းကြောင်းပေါ်သွားလာမှုကို ခွင့်ပြု ပေးထားသည့် အနေအထားနှင့် ပတ်သက်ပြီး KNU ဖားအံခရိုင်ဥက္ကဋ္ဌဖြစ်သူ ပဒိုစောအောင်မော်အေးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ အခုလဆန်းပိုင်းက မဲ့သဝေါလမ်းကို ကုန်တင်တဲ့ကားတွေသွားနေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောကြတယ်။ KNU ကို BGF က ညှိနှိုင်းဖို့ပြောထားတယ်ဆိုတော့ အခု KNU ဘက်က ခွင့်ပြုချက်ရလို့ သွားနေတယ်ဆိုတဲ့အနေအထားလား။
ဖြေ။ အရင်တစ်ခေါက်က ကျနော်ပြောထားခဲ့သလိုပါပဲ အဓိကကတော့ ပြည်သူတွေအကျိုးအတွက် ပြည်သူတွေအကျိုးဆိုတာကလည်း အဖွဲ့အစည်းအကျိုးလည်းပါသွားမှာပေါ့နော်၊ ရှိတယ်ဆိုရင်တော့ လက်ခံမယ်လေ။ အခုကတော့ စဥ်းစားနေဆဲပဲဖြစ်တယ်။ မဲ့သဝေါလမ်းက ဆင်းရင် ထိုင်းဘက်က တရားဝင်ဂိတ်မဟုတ်လို့ တရားဝင်ပေးမသွားတော့ တကယ်လို့ကုန်ဆင်းလာမယ်ဆိုရင် ဖမ်းတာဆီး တာရှိလာမယ်ဆိုတော့ အဲဒီအပိုင်းမှာ BGF နဲ့ ထိုင်းနဲ့ဘယ်လိုညှိထားလဲဆိုတာ ဆက်လက်ညှိနေတုန်းပဲတော့ သိရတယ်။
မေး။ အခုသွားနေတဲ့အပေါ်မှာ KNU အနေနဲ့ခွင့်ပြုထားတာမရှိဘူးလို့ ဆိုလိုတာလား။
ဖြေ။ သွားနေတယ်ဆိုတာက ပန်းသီးတို့၊ ငါးတို့လို ကုန်တွေကို ကျနော်တို့က သွားပိတ်လိုက်မယ်ဆိုရင် လမ်းမှာပဲ အကုန်ပုပ်သိုးကုန်မယ်လေ။ အဲဒါတွေကို ပြည်သူတွေရဲ့နေ့စဥ်စားသုံးကုန်အတွက် ပေးသွားထားတာပါ။ အဲဒီ အပိုင်းမှာလည်း ဟိုဘက်မြဝတီလမ်းက ပိတ်နေတဲ့အပေါ်မှာ ဒီဘက်ကိုပိတ်လိုက်မယ်ဆိုရင် ကုန်သည် တွေ အတွက်၊ ကုန်သည်ဆိုတာလည်း ပြည်သူတွေစားသုံးဖို့ဖြန့်ဖြူးပေးတာဆိုတော့ မပိတ်တော့မပိတ်ပါဘူး။ တရားဝင်လာမယ်ဆိုရင်တော့ ခွင့်ပြုမှာပါ။ ဒီအပိုင်းမှာလည်း ထိုင်းကဘယ်လောက်ခွင့်ပြုမလဲဆိုတာရှိသေးတယ်။ ညှိနှိုင်းဆဲပဲဖြစ်တယ်။ ထိုနည်းလည်းကောင်းပဲ မြန်မာနိုင်ငံကလည်း ဒီလမ်းကတရားမဝင်ဘူးလို့ ပြော လာတဲ့အပေါ်မှာ ဆီပုံးတွေဘာတွေကို သူများဖမ်းတာရှိတယ်။ အဲဒါကိုလည်းစဥ်းစားနေတာ ပြည်သူ အကျိုးအတွက် တရားဝင်ဖြစ်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ ကျနော်တို့ဒီမှာ စဥ်းစားနေတဲ့ Process မှာပဲရှိသေးတယ်။
မေး။ မြန်မာဘက်က အဖမ်းအဆီးရှိတဲ့ကိစ္စက ဘယ်လိုပါလဲ။
ဖြေ။ ထိုင်းကလာပြီးတော့ မြန်မာဘက်ကဖမ်းတာပါ။ ဟိုဘက်(စစ်ကောင်စီ)က လည်း မြန်မာနိုင်ငံရဲ့ တရား မဝင်တဲ့ဥပဒေအရ ဖမ်းတာရှိတယ်။ မြန်မာနိုင်ငံအနေနဲ့က တရားမဝင် ကန့်သတ်ပစ္စည်းလို့ကန့်သတ်ထားတာပေါ့ ၊ ကျနော်တို့ဘက်ကတော့ ပိတ်ပင်တာမရှိဘူး။ ဆင်းသွားတဲ့ကုန်အချို့ကတော့ ကန့်သတ်ကုန်ဖြစ်တဲ့အတွက် ပိတ်တာရှိတယ်။ ဒါကြောင့် ပြည်သူအကျိူးအတွက် ဘယ်လိုလုပ်သင့်လဲဆိုတာ စဥ်းစားနေတယ်။
မေး။ အဖမ်းအဆီးလုပ်နေတဲ့ စစ်ကောင်စီနဲ့ရော ညှိနှိုင်းသွားဖို့ရှိဦးမလား။
ဖြေ။ ထိုင်းကလည်း မဲ့သဝေါဆင်းတဲ့လမ်းက တရားမဝင်မဟုတ်တော့ ဖမ်းတာရှိတယ်။ ပြည်သူတွေ အကျိုး ကိုကြည့်ပြီးတော့ ကုန်သည်တွေ၊ ပြည်သူတွေ စားဝတ်နေရေးအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပေါ့။
မေး။ တရားဝင်ကုန်သည်သွားလာခွင့်ရဖို့ ဆိုတဲ့နေရာမှာ KNU အနေနဲ့ ဘယ်ကဏ္ဍက ပါဝင်လုပ်ဆောင်မှာလဲ။
ဖြေ။ ကျနော်တို့ ခေါင်းဆောင်တွေတစ်ယောက်နဲ့တစ်ယောက် အစည်းအဝေးထိုင်တာတော့မဟုတ်ဘူး ။ ဖုန်းနဲ့ပြောကြတာတော့ရှိတယ်။ ပြည်သူတွေအကျိုးကိုကြည့်ပြီး ဘယ်လိုလုပ်မလဲဆိုတာ အဖြေရှာနေတုန်းပဲ။