Home သတင်း စစ်တပ် လက်နက်ကြီးကြောင့် သံတောင်ကြီး ဒေသခံ(၁)ဦး သေဆုံးပြီး ကျောင်းသား (၁)ဦးအပါအဝင် ဒေသခံ ၃ ဦးဒဏ်ရာရ

စစ်တပ် လက်နက်ကြီးကြောင့် သံတောင်ကြီး ဒေသခံ(၁)ဦး သေဆုံးပြီး ကျောင်းသား (၁)ဦးအပါအဝင် ဒေသခံ ၃ ဦးဒဏ်ရာရ

702
Photo: CJ

ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်အထူးဒေသရှိ ကျွန်းတောကုန်းရွာသို့ ဇူလိုင်လ (၁၁)ရက်နေ့ နံနက်က စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၂)ဦးနှင့် ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD မူလတန်းကျောင်းသားလေး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသားဖခင် အမျိုးသား(၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

ယမန်နေ့ နံနက်(၉)နာရီဝန်းကျင်က အနီးတွင်တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ကျေးရွာအတွင်း ရည်ရွယ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် KECD စာသင်ကျောင်းတက်ရောက်သူ ကျောင်းသားလေးမှာ ဘယ်ဘက်မျက်လုံး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး သက်ကြီးပိုင်းအရွယ် နောက်ထပ်ဒေသခံ(၂)ဦးမှာ မစိုးရိမ်ရဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါကျောင်းသား၏ ဖခင်ဖြစ်သူ အမျိုးသားမှာ ဝမ်းဗိုက်အူပွင့်ဒဏ်ရာဖြင့် နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၎င်း၏ရုပ်အလောင်းအား နေ့တွင်းချင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရသည်ဟု ဒေသခံများနှင့်နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ဘာတိုက်ပွဲမှမရှိဘဲ အလွတ်ကြီးလက်နက်ကြီးပစ်ကြတာ၊ သူ့အဖေကပွဲချင်းပြီးပဲဆုံးသွားပြီ ။ မနေ့ကတည်းကမြေချတယ်။ ဘာသာရေးကိုင်းရှိုင်းပြီး အနေအေးတာ၊ သူ့ဆိုအဲ့ဘက်ရွာကလူတွေ အကုန်သိတယ်၊ သူ့သားလည်းတစ်ယောက်ပဲရှိတယ်။ ကလေးအခြေအနေကတော့ သက်သာပါတယ်။ သူ့အဖေအတွက်တော့ စိတ်မကောင်းဘူး” ဟု ၎င်းနီးစပ်သူအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့နံနက်ပိုင်းတွင် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ပြီးနောက် နေ့လည် (၃)နာရီဝန်းကျင်တွင် ကျွန်းတောကုန်းရွာအတွင်းသို့ ထပ်မံ၍လက်နက်ကြီးပစ်ချခဲ့ပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း ရွာအတွင်းရှိ KECD ကျောင်းကိုမူ ယာယီပိတ်ထားလိုက်ရကြောင်း ၎င်းအမျိုးသမီးက ဆက်လက်ပြောဆိုသည်။

Photo: CJ

အဆိုပါအမျိုးသမီးက “လက်နက်ကြီး(၄)လုံးထပ်ပစ်တာ၊ အပင်တွေတော့လှဲသွားတယ်။ အဲဒီနေ့ မတိုင်ခင်ကလည်း ရွာထဲကို ညဘက် စစ်တပ်ကအရပ်ဝတ်နဲ့ဝင်လာပြီး အစအနရှာကြတယ်။ အဲ့ဘက် မှာက ကိုယ်ထူကိုယ်ထနဲ့ အခုနှစ်အသစ်ဖွင့်တဲ့ကျောင်းတွေပဲရှိတာ အခုတော့ မိဘတွေ လည်းစိုးရိမ်လို့ ကျောင်းပိတ်ထားရပြီ” ဟု ဆိုသည်။

သံတောင်ကြီးဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲနှင့် တိုက်ပွဲမရှိသော်လည်း လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နယ်မြေမတည်ငြိမ်မှုများဖြစ်ပွားနေပြီး ကျောင်းပညာ သင်ကြား ပေးမည့် ဆရာ၊ဆရာမ အများစုမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ကြ၍ စစ်ကောင်စီ စာသင်ကျောင်းအများစု ပိတ်ထားရသည့် အနေအထားဖြစ်သည်။

KECD ကျောင်းများနှင့် စစ်ရှောင်လူပုဂ္ဂိုလ်၊ အဖွဲ့များ၏ တစ်နိုင်တစ်ပိုင် မတည်မူဖြင့် ကိုယ်ထူ ကိုယ်ထကျောင်းများမှာ ကျောင်းနေအရွယ်ကလေးတိုင်းပညာရေးအတွက် ကျောင်းဖွင့်ချိန်အမီ ဖွင့်လှစ်သင်ကြားပေးနေသော်လည်း အထက်ပါအတိုင်း မလုံခြုံမှုကြားမှ ပညာသင်ယူနေရကြောင်း သံတောင်ကြီးမြို့နယ်အတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လပိုင်းကလည်း တောင်ငူခရိုင် ထိုလွီဝါး အထက်တန်းကျောင်းနေရာသို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းသူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆက်လက်ဖွင့်ရေး အခက်အခဲများ တွေ့ကြုံခဲ့ရသေးသည်။