Home သတင်း တောင်စွန်းစခန်းတွင် စစ်ကောင်စီတပ်များမရှိတော့သော်လည်း မြေမြှုပ်မိုင်းကြောင့် ဒေသခံအများစု နေရပ်ပြန်ရန် အခက်ကြုံနေ

တောင်စွန်းစခန်းတွင် စစ်ကောင်စီတပ်များမရှိတော့သော်လည်း မြေမြှုပ်မိုင်းကြောင့် ဒေသခံအများစု နေရပ်ပြန်ရန် အခက်ကြုံနေ

318

ဇူလိုင် ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်း ရေးမြို့နယ် တောင်စွန်း(လေးနော်) ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့်မေလကတည်းက တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှသိမ်းပိုက်နိုင်ပြီးဖြစ်သော်လည်း မြေမြှုပ်မိုင်းများရှိနေခြင်းကြောင့် ဒေသခံအများစု ပြန်မနေရဲဘဲ တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ဒေသခံအနည်းငယ်သာ ရွာပြန်နေသေးသလို ရွာပြန်နေသူများ အနေဖြင့် ကျေးရွာအတွင်း သွားလာသည့်ရာတွင် သတိနှင့် သွားလာနေထိုင်ရပြီး မြေမြှုပ်မိုင်းကြောင့် ယခင်လိုလွတ်လပ်စွာ သွားလာ၍ မရကြောင်း ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“အခုရွာကို ပြန်နေတဲ့သူ ရှိသလို မပြန်တဲ့လူတွေလည်း အများကြီးကျန်တယ်။ အိမ်ကိုပြန်ကြည့်တာတို့ မဖြစ်မနေ ပြန်ရတဲ့လူတွေလောက်ပဲ ပြန်သေးတယ်။ စစ်တပ်က ရွာပြင်မှာလည်း မိုင်းထောင်ထားတယ်။ ပြီးတော့ BGFတွေ နေခဲ့တဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း မိုင်းတွေထောင်ထားတယ်။ အကုန်ပြန် မဖော်နိုင်သေးတော့ အန္တရာယ်များတယ်။ ရွာထဲမှာသွားလာရင်လည်း သွားတဲ့လမ်းအတိုင်းပဲ ပြန်လာရတယ်။ အဲထက်ကျော်ပြီး လမ်းပြင်ထွက် မသွားရဲဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ တောင်စွန်းကျေးရွာ၌ ယခင်စစ်ကောင်စီတပ် စခန်းပတ်ဝန်းကျင်နှင့် တပ်စွဲဖူးသည့် ဘုန်းကြီးကျောင်းဝင်းတွင်လည်း မိုင်းထောင်ထားခြင်း ရှိခဲ့ကြောင်း၊ လက်ရှိ မိုင်းအချို့သာ ရှင်းထားနိုင်သေးသည့်အတွက် ထိုနေရာများကို မိုင်းအန္တရာယ်ရှိသည့် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားကြောင်း နယ်မြေခံ KNLA တပ်ဖွဲဝင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “စခန်းသိမ်းတဲ့နောက်ပိုင်းမှာ စစ်တပ်က ထောင်ထားတဲ့မိုင်းတွေ အများကြီးကျန်တယ်။ မေးမြန်းပြီး ရှင်းခိုင်းတာရှိပေမယ့်လည်း အခုထိမိုင်းတွေ ကျန်နေသေးတယ်။ အဲဒါကြောင့် အန္တရာယ် ဇုန်အဖြစ် သတ်မှတ် ထားတယ်။ လူထုတွေက အများအားဖြင့် ရွာပြန်မနေရဲသေးဘူး။ ဒီလိုပဲ တိမ်းရှောင်နေသေးတယ်။ တိမ်းရှောင် ရတာကြာတော့ အခက်အခဲတွေတော့ အများကြီးရှိတာပေါ့ ”ဟု ကေအိုင်စီသို့ ပြောသည်။

တောင်စွန်း(လေးနော်)ကျေးရွာရှိ တပ်စခန်း၌ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၈၄ နှင့်အတူ နယ်ခြားစောင့်တပ်-BGF အမှတ်-၁ဝ၂၂ တပ်ရင်းတို့ ပူးပေါင်း စခန်းချ နေထိုင်ခဲ့ဖူးသည်။ ထိုစခန်းကို ၂၀၂၃ ခုနှစ် ကတည်းက တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဘက်မှ စခန်း၏ ထက်ဝက်နီးပါးအထိ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူဖြင့်အပြင်းအထန် တုန့်ပြန်ပစ်ခတ်ပေးသည့်အတွက် ၂၀၂၄ ခုနှစ်၊ မေ ၃ ရက်နေ့ရောက်မှသာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဝင်းရေးမြို့နယ်အတွင်း အနန်းကွင်း စစ်ကောင်စီ ဗျူဟာတပ်စခန်းက ဒေသခံများနေထိုင်သည့် ကျေးရွာထဲသို့ လက်နက်ကြီး မကြာခဏပစ်ခတ်ခြင်းများရှိသလို ရွာသို့ ပြန်လာသည့် ရွာသားအချို့ ပစ်ခတ်ခံရခြင်း၊ ဖမ်းဆီးစစ်ဆေးခံရခြင်းတို့ ရှိသည့်အတွက် အနန်းကွင်းရွာလုံးကျွတ်နှင့် အနီးတဝိုက်ရှိ ကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီသည် ကျေးရွာအသီးသီးသို့ ပြန်မနေရဲဘဲ လနှင့်ချီ တိမ်းရှောင်းနေရသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။