Home သတင်း ကျိုက်ထိုမြို့ပေါ်တွင် မူးယစ်ဆေးဖြင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ ဒေသခံ (၁၈)ဦးအထိရှိလာ

ကျိုက်ထိုမြို့ပေါ်တွင် မူးယစ်ဆေးဖြင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ ဒေသခံ (၁၈)ဦးအထိရှိလာ

985
Photo: Social Media

ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ပေါ်တွင် မူးယစ်ဆေးဖြင့်ဆက်စပ်သည် ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ(၇)ရက်နေ့မှစ၍ စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒေသခံများအားလိုက်လံဖမ်းဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်းဖမ်းဆီးခံရသူ အမျိုးသား (၁၈)ဦးအထိရှိလာပြီဟု ကျိုက်ထိုမြို့ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ဇူလိုင်လ(၇)ရက်နှင့်(၈)ရက်နေ့ နှစ်ရက်အတွင်း ဖမ်းဆီးခံရသူ ကျိုက်ထိုမြို့ခံ အမျိုးသား(၁၅)ဦး အထိ ရှိခဲ့ပြီး (၁၈)ရက်နေ့မှ ယနေ့အထိ နောက်ထပ်ဖမ်းဆီးခံရသူ အမျိုးသား(၃)ဦး ဖြစ်သော်လည်း အများစု မှာ မူးယစ်ဆေးဝါးသုံးစွဲသူများသာဖြစ်သည်ဟု နီးစပ်သူ ကျိုက်ထိုမြို့ခံအမျိုးသားက ပြောသည်။

၎င်းက “လူကြီးတွေအများကြီးပဲရောက်လာတာ တိုင်ကြားစာတွေရောက်လို့လို့ပြောတာပဲ ဖမ်းခံရတဲ့ အများစုကလည်း သုံးတဲ့သူတွေချည်း ရောင်းသူအကောင်ကြီးကြီးတွေ မပါဘူး။ ဆေးခြောက် ဆို ကျိုက်ထိုမှာက ပေါ်တင်သောက်ကြတာလေ၊ သောက်တဲ့အချိန် ဝင်ဖမ်းတာ” ဟု မြို့ခံအမျိုးသားက ကေအိုင်စီသို့ ပြောသည်။

WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါးများအပြင် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကိုပါ စစ်ကောင်စီဘက်က သက်သေအဖြစ် သိမ်းဆည်းသွားခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိလည်း ၎င်းတို့သံသယရှိသည့်နေရာများတွင် ရဲကားများဖြင့် လှည့်လည်နေကြကြောင်းလည်း မြို့ခံအချို့ထံမှ သိရသည်။

သို့သော် စစ်ကောင်စီဘက်က မူးယစ်ဆေးနှင့်ဆက်စပ်မှုဖြင့် ဖမ်းဆီးသွားသူအများစုမှာ ဆေးသုံးစွဲ သူများသာဖြစ်ပြီး ဆေးရောင်းချသူများမှာမူ သတင်းကြိုတင်ရရှိထားသည့်အတွက် တိမ်းရှောင်ချိန် ရလိုက်ကြောင်း မူးယစ်စိတ်ကြွဆေး ရောင်းချသူနဲ့နီးစပ်သူ အမျိုးသားက ပြောသည်။

“ရောင်းတဲ့သူတွေနဲ့ရဲတွေနဲ့က သိတယ်လေ၊ နှိမ်နင်းရေးကလူတွေလာမယ်ဆိုတာ သူတို့ကိုရဲတွေက ကြိုအသိပေးထားတယ်။ မူးယစ်ဆေးကိစ္စလုပ်နေတဲ့အချိန် ဖမ်းခံရမှာကိုစိုးလို့ ခဏနားခိုင်းထားတာ အခု ဖမ်းခံရတဲ့သူတွေက သုံးတဲ့သူတွေချည်းပဲ” ဟု ၎င်း အမျိုးသားက ဆိုသည်။

ကျိုက်ထိုမြို့နယ်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များတွင် စစ်ကောင်စီက မူးယစ်ဆေး အသိပညာပေးဆွေးနွေးပွဲများ မကြာခဏပြုလုပ်လေ့ရှိသော်လည်း အောက်ခြေတာဝန်ရှိသူများနှင့် လာဘ်ပေးလာဘ်ယူ မူးယစ်ဆေး ဆက်လက်ရောင်းချနေခြင်းကြောင့် သုံးစွဲမှုများလည်း လျော့ကျ သွားခြင်းမရှိသည့် အခြေအနေဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဘက်ကမူ ပြီးခဲ့သည့် ဇွန်လ တစ်လ တာအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘိန်းဖြူ၊ ဘိန်းဆီခဲ၊ ဘိန်းစာရည် အပါအဝင် စိတ်ကြွ ဆေးများ၊ အိုက်စ်(ICE)၊ ဆေးခြောက် အစရှိသည့် စုစုပေါင်း တန်ဖိုးငွေ အမေရိကန်ဒေါ်လာ (၁၄.၉၇) သန်းကျော်ရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းမီဒီယာများမှတဆင့် ထုတ်ပြန်ထားသည်။