ဇူလိုင်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးနယ်နှင့် ကော့ကရိတ်ကျေးနယ်များကို စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးရန်အတွက် လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းများဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင်နေကြောင်း ကျေးရွာ ဒေသခံသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
“မနေ့ ညနေ ၆နာရီကျော် မြပတိုင်နဘူးကြားမှာ နှစ်ဖက်ပစ်ခတ်တာ ရှိတယ်။ နဘူး ၅၄၇ တပ်က လက်နက်ကြီး ပစ်ကူပစ်တယ်။ နဘူးက BGF ဗိုလ်မြခိုင်တပ်မှာ အတွဲလိုက်ပစ်တဲ့ ဒုံးကား ၃ စီးရှိနေတယ်။ ကော့ကရိတ် လည်း ရန်ကုတ် ရွာဘက်လက်နက်ကြီး ပစ်ချနေတာရှိတယ်။ ကော့ကရိတ် /ကျုံဒိုးက စစ်တပ် စစ်ကြောင်းများ မြို့ပြင် ရွာပြင်နှင့် အာရှလမ်းဘက်ထွက်လာဖို့ကို လက်နက်ကြီးရော၊ လေယာဉ်နဲ့ရော ဒရုန်းနဲ့ ရော အရင် ရမ်းသမ်းပြီးပစ်ချနေတယ်” လို့ ကျုံဒိုးနောင်တပွဲ ကျေးရွာသားက ပြောသည်။
လတ်တလော KNU-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၇ နယ်မြေထဲရှိ ကျေးရွာများဖြစ်သော ကျုံဒိုး /ကော့ကရိတ် ဒေသအတွင်းရှိ မြပတိုင်၊ နဘူး၊ နောင်ထပ္ပံ၊ ကမ္မရံ၊ ရေလယ်ကုန်း၊ ရန်ကုတ်၊ နောင်နိုင်း ကျေးရွာ များဘက်တွင် KNLA မဟာမိတ် ပူးပေါင်းအဖွဲ့များ စစ်ရေးလှုပ်ရှားနေသည့် နေရာများအား စစ်ကောင်စီ တပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်း ထိုးတိုက်ခိုက်ရန် လုပ်ဆောင်မည့်သတင်းများကြောင့် ဒေသခံများ တကျော့ ပြန်စစ်ဘေး ရှောင်ရမည့်အရေး ကြုံတွေ့နေကြရ ကြောင်း သိရသည်။
ကော့ကရိတ် တောင်ပေါ်ကျောင်း အနီးနေထိုင်သူက “စစ်တပ်က ကျုံဒိုးက နေထွက်မယ်ရွာတွေကို၊ နောက်ပြီး ကော့ကရိတ်မှာဆိုလည်း ရွာတွေကို တိုက်မယ်။ PDF ရှိနေလို့၊ အခုကျမတို့ ဇာသပြင်ဘက် ပြန်ရှောင် နေရပြီ၊ ကော့ကရိတ် ပြန်ရောက်တာ တစ်လမပြည့်သေးဘူး အခု ပြန်ရှောင် ရတယ်။ နေ့တိုင်းလက် နက်ကြီး ပစ်ထုတ် နေတာ မနေရဲကြဘူးလေနော်” ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းများထွက်ရန် ပြင်ဆင်နေမှုအား ကျုံဒိုးအခြေစိုက် BGF ဗိုလ်ဝင်းအောင်တပ်၊ ဗိုလ်မြခိုင်တပ်နှင့် ကြာအင်းဆရာတာ် လက်အောက်ခံ DKBA ဗိုလ်ဘိ အဖွဲ့များ မှ ကင်းပုန်း နေရာ၊ စစ်ကူနေရာများသွားလာရန် စစ်ကောင်စီတပ်အား စစ်ကူသယ်ဆောင်ပေးခြင်း၊ လက်နက်ခဲယမ်း သယ် ဆောင်ပေးခြင်း ၊ ကျေးရွာများ ဘက်ရှိ စစ်ကောင်စီ ထောက်ခံသူများ နှင့် ချိတ်ဆက် အကူအညီပေးနေကြောင်း စစ်ရေး နယ်မြေသတင်းအရင်းအမြစ်များက ပြောသည် ။
ယခု လတ်တလော မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်း ပိုင်းတလျှောက် နေရာများတွင် စစ်ကောင်စီ တပ်၊ BGF တပ်နှင့် စစ်ကောင်စီနှင့် အပစ်ရပ်ထားသည့် လက်နက်ကိုင်တပ်များမှ ငွေတောင်း ဂိတ်များ၊ စစ်ဆေးရေးဂိတ်များ ပြုလုပ်ငွေတောင်းခံမှုများ ဆက်ရှိနေသောကြောင့် ဒေသခံများသွားလာရေးတွင် ငွေပေးပြီးသွားလာနေကြ ရကြောင်း သိရသည်။