Home သတင်း ကော့ကရိတ်ဒေသခံ စစ်ရှောင်များ၏ အိမ်မွေးတိရစ္ဆာန်များကို စစ်ကောင်စီတပ်က စိတ်ကြိုက် ဖမ်းယူစားသောက်နေ

ကော့ကရိတ်ဒေသခံ စစ်ရှောင်များ၏ အိမ်မွေးတိရစ္ဆာန်များကို စစ်ကောင်စီတပ်က စိတ်ကြိုက် ဖမ်းယူစားသောက်နေ

664

ဇူလိုင်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြို့အနီးကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယာယီ စစ်ရှောင်နေရသည့် ဒေသခံပြည်သူများ၏ နေအိမ်ရှိအိမ်မွေးတိရစ္ဆာန်များကို စိတ်ကြိုက် ဖမ်းယူသတ်ဖြတ်စားသောက် နေကြကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ကော့ကရိတ်မြို့အနီးကျေးရွာမှ ဒေသခံများသည် ယနေ့ အချိန်ထိ နေအိမ်မပြန်ရဲ ကြသေး ဘဲ ၎င်းတို့မွေးထားသည့် ကျွဲ၊ နွား၊ ဝက်နှင့် ကြက်များကို ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ က စိတ်ကြိုက် ဖမ်းယူသတ်ဖြတ်စားသောက်နေကြကြောင်း မျက်မြင်တွေ့ရှိသည့် ၎င်းစစ်ရှောင်ဒေသခံများ က ပြောသည်။

ကြောင်လျှာကုန်းရွာသားတစ်ဦးက “စစ်ကောင်စီတပ်က ရွာသားတွေရဲ့ နွားတွေ ကြက်၊ ဝက်တွေ အများကြီး သတ်စားနေတယ်။ အရင်က ဝက်တွေကြက်တွေပဲစားတယ်။ ကြက်၊ ဝက်တွေ နည်းလာတော့ အခု နွားတွေပါ သတ်စားနေတယ်။ ကျနော်သိရသလောက် နွားတွေလည်း မနည်းဘူး သတ်စားနေတာ၊ ရွာသားတွေ ပြန်မရဲတော့ စိတ်ကြိုက်သတ်စားတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အားအလုံးအရင်းဖြင့် ကော့ကရိတ်မြို့တွင်း သို့ ပြန်လည်ဝင်ရောက် ထိုးစစ်ဆင်တပ်စွဲလာခဲ့ပြီး ၎င်းတို့တပ်စွဲထားသည့် ကျေးရွာတစ်လျှောက်ရှိ နေအိမ်များမှ အိမ်မွေးတိရစ္ဆာန်များကို ဖမ်းယူသတ်ဖြတ်စားသောက်နေခြင်းဖြစ်ပြီး နေအိမ်များအများအပြား ကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ကော့နွဲ ရွာသားများက ပြောသည်။

“ရွာသားတွေ မွေးထားတဲ့ တိရစ္ဆာန်တွေ သူတို့(စစ်ကောင်စီ) တွေသဘောရှိ ဖမ်းစားတာမကဘူး၊ အိမ်တွေလည်း တော်တော်ထပ်ပြီးမီးရှို့ဖျက်ဆီးနေတယ်။ ကျနော့်အိမ်ရှိတဲ့ အပိုင်းတော့ အကုန်ထပ်ရှို့လိုက်ပြီး။ ဒီတစ်ခါတော့ ကော့နွဲရွာနဲ့ ရွာသစ်ကုန်းရွာက အိမ်တွေအများအပြား မီးရှို့ဖျက်ဆီးခံရတယ်”ဟု ကော့နွဲရွာသားတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

စစ်ရှောင်နေရသည့် ဒေသခံရွာသားများအနေဖြင့် ၎င်းတို့မွေးမြူထားသည့် ကျွဲ၊ နွား တိရစ္ဆာန်များကို ပြန်လည် ဖမ်းယူရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိသည့် ကျေးရွာအနီးတွင်သာ လိုက်ရှာဖမ်းယူနေကြရကြောင်း လည်း ဒေသခံများက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ကျေးရွာများအနီးတွင် လယ်များလုပ်ကိုင်၍ မရကြ သေးသလို စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ ဒရုန်းများနေ့စဥ် ပစ်ခတ်ဗုံးကြဲမှုကြောင့် ဒေသခံ ရွာသားများ မကြာခဏထိခိုက်သေဆုံးမှုများရှိနေကြောင်းလည်း စစ်ရှောင်ရွာသားများက ပြောသည်။