Home သတင်း မောင်မယ်ရှောင်ရွာတွင် အရပ်သားများ၏ တန်ဖိုးကြီးပစ္စည်းများကိုစစ်ကောင်စီထပ်မံသယ်ယူ

မောင်မယ်ရှောင်ရွာတွင် အရပ်သားများ၏ တန်ဖိုးကြီးပစ္စည်းများကိုစစ်ကောင်စီထပ်မံသယ်ယူ

941
Photo: Crd.

ဇွန်လ၂၀ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်ရှိ မောင်မယ်ရှောင်ကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ ခြေမြန်တပ် ရင်း(ခမရ-၄၀၆)တပ်ဖွဲ့ဝင်များ ထပ်မံဝင်ရောက်လာပြီး ကျေးရွာရှိ အရပ်သားနေအိမ်များမှ ဆိုင်ကယ်နှင့် နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို သယ်ယူမှုများပြုလုပ်နေကြောင်း မောင်မယ်ရှောင်ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့နံနက်အစောပိုင်းတွင် ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ ဆိုင်ကယ်အစီး(၅၀)ကျော် နှင့် နေအိမ်အတွင်းရှိ တန်ဖိုးကြီး ပရိဘောဂ ပစ္စည်းများကို ကားဖြင့်သယ်ဆောင်သွားကြောင်း မောင်မယ်ရှောင် ကျေးရွာဒေသခံတစ်ဦးကပြောသည်။

၎င်းက “စစ်ကောင်စီခြေမြန်တပ်(ခမရ-၄၀၆) တပ်ဖွဲ့တွေက စစ်ကြောင်းထိုးပြီးတော့ (၁၂) ဘီးကားကြီးတွေနဲ့ ရှိသမျှဆိုင်ကယ်တွေ အိမ်ထဲကပစ္စည်းတွေ အကုန်သယ်သွားတယ်။ တချို့အိမ်တွေဆို အခွံဘဲကျန်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါကျေးရွာရှိ ဒေသခံရွာသားများသည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းတို့၏ နေအိမ် ကို စစ်ကောင်စီက ယခုလို ဖောက်ထွင်းယူဆောင်မှုများ ပြုလုပ်နေသလို လက်တလောတွင် အဆိုပါ ကျေးရွာ အတွင်းသို့ ဝင်ရောက်တပ်စွဲထားကာ အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး အင်အား (၃၀၀)နီး ပါး အထိရှိနေပြီးဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

Photo: Crd.

ယခုလို ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မောင်မယ်ရှောင် ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ်နီးပါး နီးစပ်ရာသို့ ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်း စစ်ကောင်စီ တပ်စွဲ ထား၍ နေရပ်မပြန်ရဲကြသေးဘဲ ၎င်းတို့အတွက် အကူအညီများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူ မြေပြင်တာဝန်ခံတစ်ဦးက ပြောသည်။

“လက်ရှိမှာကတော့ လိုအပ်ချက်တွေရှိနေတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကလည်း နိုင်သလောက်ကူညီ ပေးနေ တာမျိုးတော့ရှိတယ်။ ဒီဘက်မှာကလည်း အမြဲတမ်း စစ်ဘေးရှောင်တွေကလည်း ရှိနေပြန်တော့ စားနပ်ရိက္ခာ မလုံလောက်တာမျိုးတွေက တော့ရှိနေတုန်းပါဘဲ။” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုလို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသအခြေစိုက် တော်လှန်ရေးအင်အား စုများဖြစ်သည့် ဥသြစစ်ကြောင်း၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA၊ Dawei Guerrilla Revolutionary Force DGRF၊ ရေဖြူမြို့နယ်ပကဖ နှင့် ရေဖြူပြည်သူ့ ကာကွယ်‌ရေးတပ်ဖွဲ့ YPPDF တို့နှင့် စစ်ကောင်စီတပ်များကြား ယခုလဆန်းပိုင်းက နှစ်ဖက်တိုက်ပွဲ သုံးရက်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၁၁) ဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

အဆိုပါ မောင်မယ်ရှောင်ကျေးရွာသည် ထားဝယ်မြို့နှင့် (၇)မိုင်ခန့်သာကွာဝေးပြီး ရန်ကုန်-ထားဝယ် ကားလမ်း မပေါ်တွင်တည်ရှိကာ အိမ်ထောင်စုပေါင်း ၉၀၀ နီးပါးအထိရှိပြီး ယခုလဆန်းပိုင်းကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်အလုံး ၁၀၀ ကျော်ကို ဖောက်ထွင်းယူဆောင်မှုများ ပြုလုပ်ခဲ့သေးသည်။