ဇွန်လ ၂၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်၏ ခေါပုတ်တပ်ခစန်း နှင့် စခန်းကုန်းအချို့မှာ ပိတ်ဆို့ဖြတ်တောက်ခံထားရ၍ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ရိက္ခာပို့ဆောင်ပေးနေရကြောင်း ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေရှိ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဖာပွန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းကြီး စခန်းငယ်စုစုပေါင်း (၂၀) ခန့် နှင့် မြို့တွင်း အခြေစိုက်တပ်ရင်း (၂)ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်က တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကိုထိန်းချုပ်ထားနိုင်ပြီး ဖြစ် သော်လည်း မြို့အနီး ကျန်ရှိနေသေးသည့် တပ်စခန်းများကို အဖက်ဖက်မှ ဆက်တိုက်ပိတ်ဆို့ထားခြင်းကြောင့် ယခုလိုလေ ကြောင်းမှတစ်ဆင့် ရိက္ခာနှင့်လက်နက်ခဲယမ်းများ ပို့ဆောင်လာရခြင်းဖြစ်သည်ဟု ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။
၎င်းက “ပြောရမယ်ဆိုရင် မိုးရာသီလည်းရောက်လာပြီးဆိုတော့ သူတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေက ပိုပြီးခက်လာတယ်။ ကုန်းလမ်း ရေလမ်းလည်း စစ်ကောင်စီကသွားဖို့ခက်နေတယ်။ အခုက ခေါပုတ်စခန်းနဲ့ အမြှောက်ကုန်းတစ်ခုကို လေယာဉ်နဲ့ ဆက်တိုက်ပဲ ရိက္ခာလာချလိုက် ကျည်လာပို့လိုက်လုပ်နေတယ်။ လမ်းကြောင်းတွေ အကုန် အပိတ်ခံထားရ တော့ လေကြောင်းကို သူတို့ပိုပြီးသုံးလာတာပေါ့။ သူတို့ လက်နက်လည်းမချဘူး။ ကျနော်တို့ဘက်ကတော့ စခန်းကုန်း တွေကို အဖက်ဖက်က ပိတ်ထားတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့နောက် ဖာပွန်အခြေစိုက် ကျန်ရှိစစ်ကောင်စီတပ်စခန်းများမကျရေးအတွက် စစ်ကောင်စီ အနေဖြင့် စစ်ရေး ပြင်ဆင် မှုများ ဆက်တိုက်ကြိုးစားလုပ်ဆောင်နေပြီး ကျေးရွာထဲကိုလည်း လေယာဉ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း အဆိုပါ ဒရုန်း တပ်ဖွဲ့ ဝင်က ဆက်ပြောသည်။

ပြီးခဲ့သည့် မေလက စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၄၃၄) အခြေချတပ်စွဲသည့် ကျောက်ညှပ်-ဝါလူစခန်း၊ တာဘူကျိုးစခန်း၊ ပန်ဟိုက်-ကဟီးကျိုးစသည့် စခန်းများအပြင် ခြေလျင်တပ်ရင်း(ခလရ-၁၉) အခြေချသည့် လယ်တိုး စခန်း နှင့် (ခမရ-၃၄၁) အခြေစိုက် နတ်တောင်-မောဖိုးကျိုး စသည့်စခန်း(၅)ခုကို ရုတ်သိမ်းပြီး တပ်ဖွဲ့ဝင် များအားလုံးမှာ ခေါပုတ်စခန်းတွင် ပြန်လည်ပူးပေါင်းစုဖွဲ့၍ အင်အားဖြည့် နေထိုင်ကြသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။
ထို့အပြင် ဖာပွန်တွင် မေလတစ်လတာအတွင်း နှစ်ဖက်တိုက်ပွဲကြီးငယ်ပေါင်း (၁၀၇) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ တပ်ဖွဲ့ဝင် (၆၀) ဝန်းကျင်ခန့် သေဆုံးခဲ့ကာ စစ်ကောင်စီဘက်မှ ပေါင်(၅၀၀) ဗုံးကြီး (၁၂) လုံးအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ (၈) ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မူတြော်ခရိုင်ဘက်မှဆိုသည်။
အလားတူ တပ်မဟာ (၅) နယ်မြေတွင် လမ်းပန်းဆက်သွယ်ရေး နှင့် ဖုန်းလိုင်းများပြတ်တောက်နေပြီး စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်းများဖြင့် မကြာခဏ လာရောက်ပစ်ခတ်မှုများရှိနေသလို ကေအဲန်ယူတပ် နှင့် တော်လှန်ရေးအင်အားစု အကြားသွေးခွဲသပ်လျှိုသည့် နည်းလမ်းများဖြင့်လည်း တိုက်ခိုက်နေကြောင်း ကေအဲန်ယူ တပ်မဟာ(၅)၏ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ပြီးခဲ့သည့်ရက်ပိုင်းတွင် ကေအိုင်စီသို့ပြောဆိုထားသည်။



















