Home သတင်း မိုးများသောကြောင့် မြဝတီမြို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်

မိုးများသောကြောင့် မြဝတီမြို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်

1021
Photo: MWD မြို့ခံ

ဇွန်လ၉ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းသောကြောင့် မြို့တွင်း ရေကြီး ရေလျှံမှုများ စတင်ဖြစ်ပေါ်လာကြောင်း မြဝတီမြို့ခံများက ပြောသည်။

ဇွန်လ(၁)ရက်နေ့မှ စတင်ပြီး မိုးရွာသွန်းမှုများလာပြီး သောင်ရင်းမြစ် ရေတိုးလာခြင်း နှင့် တောင်ကျချောင်းရေ များ စီးဝင်လာမှုကြောင့် မြို့တွင်း ရေနုတ်မြောင်းများ ရေလျှံလာပြီး မြို့ပေါ်ရပ်ကွက်များ၊ လမ်းမကြီးများအပြင် အာရှလမ်းမကြီး နှင့် မြစန္ဒီကားဝင်းအထိ ရေးလွှမ်းမိုးမှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း မြဝတီမြို့ခံ တစ်ဦး က ပြောသည်။

“အခု ရက်ပိုင်းမှာဘဲ ခဏလေးနဲ့ကို ရေကတက်လာတာတယ် လမ်းမအပေါ်ကို။ မြဝတီခရိုင် မီးသတ်ရုံး အရှေ့တို့ ဆိုရင် လှေနဲ့ဘဲသွားနေရတယ်အခုဆိုရင်။ တချို့တွေကတော့ မြေနိမ့်ပိုင်းက အိမ်တွေဆိုရင်တော့ ကုန်းရှိတဲ့ နေရာတွေကို ပြောင်းပြီး နေနေကြတယ်။ ရေကရုတ်တရက် တက်လာရင် ပြောင်းမရ ရွှေ့မရဖြစ်မှာစိုးလို့။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် သောင်ရင်းမြစ်‌ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းအနီး အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်‌သော ကျောက် ဖျာဂိတ်၊ သဲပုံဂိတ်၊ သရက်ပင်ဂိတ်၊ သဖန်းပင်ဂိတ်၊ ခွန်ဆာဂိတ်၊ ကျောက်တန်းဂိတ် နှင့် ဝါး‌တောဂိတ် အစရှိသည့် နေရာများနှင့် မြို့‌ပေါ်လူ‌နေရပ်ကွက် တချို့မှ အိမ်‌ခြေ ရာနှင့်ချီ ရေ‌ဘေးဒုက္ခကြုံ‌နေရပြီးဖြစ်ကြောင်း ကျွန်းတော ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။

Photo: MWD မြို့ခံ

“မနှစ်ကလို ပြန်ဖြစ်မှာကိုကြောက်တာလည်းပါတယ်။ ဒီနှစ်က စစ်ဘေးရော ရေဘေးရော အကုန်သင့်နေတယ်။ တော်တော်ဒုက္ခရောက်တယ်။ တိုက်ပွဲဖြစ်မှာလည်းကြောက်ရတယ်။ အခုဆို ရေကိုပါ ကြောက်နေရတယ်။ တချို့ တွေကျတော့လည်း ဘုန်းကြီးကျောင်း တက်နေပေါ့။ သောင်ရင်းနဲ့ နီးတဲ့နေရောတွေဆိုတော့ နှစ်တိုင်း ကြုံတွေ့ နေရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

လတ်တလောတွင်လည်း မိုးဆက်လက်ရွာသွန်းနေပြီး မြို့တွင်း ရေကြီး ရေလျှံမှု ဆက်လက်ဖြစ်ပေါ်မည်ကို မြို့ခံ များက စိုးရိမ်နေကြကာ ရေဘေးသင့် ပြည်သူများအတွက်လည်း အကူအညီများ လိုအပ်လာကြောင်း မြို့ခံများ က ဆိုသည်။

မြဝတီမြို့တွင် ပြီးခဲ့သည့်နှစ် ဇွန်လ နှင့် ဇူလိုင်လ များကလည်း သောင်ရင်းမြစ်‌ရေမှာ စိုးရိမ်‌ရေအမှတ်ထက် ၉ ပေခန့် ကျော်လွန်မြင့်တက်ခဲ့၍ အိမ်‌ခြေ ထောင်နှင့်ချီ၍ ရေ‌ဘေးသင့်ခဲ့ရသေးသည်။