Home သတင်း ကျိုက်ဒုံဒေသတွင် တပ်စခန်းအားလုံးတိုက်ခိုက်သိမ်းပိုက်နိုင်၍ တိုက်ပွဲဝင်ရဲဘော်များကို လူထုများဂုဏ်ပြု

ကျိုက်ဒုံဒေသတွင် တပ်စခန်းအားလုံးတိုက်ခိုက်သိမ်းပိုက်နိုင်၍ တိုက်ပွဲဝင်ရဲဘော်များကို လူထုများဂုဏ်ပြု

736
Photo: Crd.

ဇွန်လ၊ ၄ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAတပ်ရင်း(၁၈)နယ်မြေရှိ ကျိုက်ဒုံဒေသထဲတွင် စစ်ကောင်စီတပ်စခန်းအားလုံးသိမ်းပိုက်နိုင်သည့်အပေါ် လူထုများ တိုက်ပွဲဝင် KNLAပူးပေါင်းတပ်ဖွဲ့ဝင်များကို ဇွန်လ ၁ ရက်နေ့က ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ထိုဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သည့် ဖူးချိမူစစ်ကောင်စီတပ်စခန်းကို မေလ ၁၉ ရက်နေ့က အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိကျိုက်ဒုံဒေသမှစတင်၍ ပန်ခလန်နယ်စပ်အထိ စစ်ကောင်စီ တပ်စခန်းအားလုံး တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးဖြစ်သည့်အတွက် တိုက်ပွဲဝင်ရဲဘော်များကို ပြည်သူ လူထုများမှ ယခုလိုဂုဏ်ပြုပေးခြင်းလည်းဖြစ်သည်။

ဖူးချိမူစခန်းသိမ်းတိုက်ပွဲ စတင်တိုက်ခိုက်ချိန်မှစတင်၍ တိုက်ခိုက်သိမ်းပိုက်နိုင်သည်အထိ အနီးကပ် တိုက်ပွဲဝင် ခဲ့သည့် KNLA တပ်ရင်း(၁၈)မှ ရဲဘော်တစ်ဦးက” အခုပြည်သူလူထုနဲ့ ပြန်တွေ့ရတော့ တကယ်ကို ဝမ်းသာပါ တယ်။ ရှေ့တန်းမှာ သွားနေတဲ့အချိန်တုန်းက ပြည်သူလူထုနဲ့ ပြန်မတွေ့ရတော့ဘူးတောင်ထင်ခဲ့တယ်။ ရှေ့ဆက် ရန်သူ စစ်တပ်ရှိနေသေးရင်တောင် ဘယ်လောက်ခက်ခဲပါစေ ကျနော်တို့က အနိုင်ရတဲ့အထိ အသက်နဲ့ရင်းပြီး ဆက်လက်တိုက်ပေးမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းကျိုက်ဒုံဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းကို အပြီးတိုင် သိမ်းပိုက်ရရှိနိုင်ရန်အတွက် ၅ လခန့်ကြာ အချိန်ယူတိုက်ရသလို ကျိုက်ဒုံစခန်းသိမ်းပိုက်ပြီးနောက်တွင် ဖူ့ချိမူ တပ်စခန်းကို ထပ်မံ ဆက်လက် တိုက်ခိုက် ကာ အချိန်တစ်လကျော်ကြာ တိုက်ခိုက်ခဲ့ရကြောင်းလည်း တိုက်ပွဲဝင် ရဲဘော်များကပြောသည်။

Photo: Crd.

အဆိုပါ တပ်စခန်းများ ရရှိရန်အတွက် ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှု များစွာပါဝင်သလို တိုက်ပွဲဝင်ရဲဘော် များကို ယခုလို ဂုဏ်ပြုသည့်အတွက် ပိုမိုအားရှိသွားကြောင်းလည်း အဆိုပါရဲဘော်မှဖြည့်စွက်ပြောသည်။

ဒေသအတွင်းရှိစစ်ကောင်စီတပ်စခန်းအားလုံး တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးသည့်နောက်တွင် လက်ရှိအချိန်တွင် ကျိုက်ဒုံမြို့အပါအဝင် ဒေသအတွင်းရှိ ကျေးရွာများကို ကေအဲန်ယူ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင် ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒူးပလာယာခရိုင် တာဝန်ရှိသူ ထံမှသိရသည်။

ဒူးပလာယာခရိုင်အတွင်းရေးမှူး ပဒိုစောလစ်စတန်က” မြို့နယ်အဖွဲ့က ဝင်ရောက်ဦးစီးမှု ပြုနေဆဲပါ။ ဘယ်လောက်အဆင့်ထိဆောင်ရွက်နိုင်မှုရှိပြီးလဲ အသေအချာမပြောတတ်သေးပါဘူး”ဟု ကေအိုင်စီသို့ ပြော သည်။

ကျိုက်ဒုံဗျူဟာကုန်းစခန်းနှင့် ဖူချိမူစခန်းအပါအဝင် ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့် ရေတလျောက်စခန်း၊ မယ်သရောထစခန်း နှင့် ကွီးလုံတိုင် စခန်းအားလုံးကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ တိုက်ခိုက် သိမ်း ပိုက်နိုင်ခြင်းလည်းဖြစ်သည်။