ဇွန် ၃ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၇)၊ ဖားအံခရိုင်၏ အမှတ်(၁) အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွင့်ပွဲ နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကော်သူးလေ အစိုးရစစ် အောင်မြင်သူများ၏ (၆) ကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲ ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။
ကေအဲန်ယူ၏ ပညာရေး ဌာနဖြစ်သော ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD၏ ၂၀၂၃-၂၄ ပညာသင်နှစ်၏ အစိုးရ စစ်အထက်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်သွားသည့် ကျောင်းသူ၊ကျောင်းသား (၂၇) ဦးနှင့် အလယ် တန်းအဆင့်ဖြေဆိုအောင်မြင်သူ(၂၀) ဦးတို့ကို အောင်လက်မှတ်ပေးအပ်ခဲ့သလို ယခုနှစ် ပညာသင်နှစ် အတွက် ကျောင်းဖွင့်ပွဲကိုပါ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ပညာသင်နှစ်အတွက် ဖားအံခရိုင် အထက်တန်းကျောင်းတွင် ကျောင်းသူ၊ကျောင်းသားပေါင်း (၃၅၉) ဦး တက်ရောက်နေပြီး ကျောင်းဆရာ၊ဆရာ (၂၀) ဦးဖြင့် သင်ကြားပို့ချသွားမည်းဖြစ်ကြောင်းလည်း သိရသည်။
ယနေ့ အခမ်းအနားကို KECD တာဝန်ရှိသူများ နှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများ ကျောင်း ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၀၀) နီးပါးတက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးမှ အမှာစကားများ ပြောကြားခဲ့ကာ အောင်လက်မှတ်ပေးအပ်ခြင်း နှင့် ထူးချွန်ကျောင်းသားများကို ဂုဏ်ပြုဆုများ ပေးအပ်ခြင်းတို့ ပါဝင်ခဲ့သည်။



















